မိမိတို့ နာပိုလီအသင်းအတွက် ထိတ်လန့်တုန်လှုပ်နေရမယ့်အချိန်မဟုတ်ဘူးလို့ တွမ်မီနေးဆို
နာပိုလီအသင်းဟာ ဂျီနိုအာအသင်းနဲ့ (၂-၂)ဂိုးစီသရေကျပြီး စီးရီးအေချန်ပီယံဆုအတွက် ပြိုင်ပွဲမှာ အမှတ်လျော့ခဲ့ပေမယ့် ကွင်းလယ်လူတွမ်မီနေးက နာပိုလီအသင်းအတွက် ထိတ်လန့်တုန်လှုပ်နေရမယ့်အချိန်မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။
နာပိုလီအသင်းဟာ ဒီပွဲသရေကြောင့် စီးရီးအေအမှတ်ပေးဇယားထိပ်ဆုံးနေရာကနေ အဆင့်(၂)နေရာမှာ ရပ်တည်နေတဲ့ အင်တာမီလန်အသင်းကို ရမှတ်(၁)မှတ်သာဖြတ်ပြီး ဦးဆောင်နိုင်တော့တာပါ။
ဒီရာသီစီးရီးအေပွဲစဉ်တွေကစားဖို့ (၂)ပွဲသာကျန်ရှိတော့ပြီး အမှားအယွင်းခံလို့မရတဲ့အချိန်မှာ ရမှတ်လျော့ခဲ့တာက နာပိုလီအသင်းအတွက် စိုးရိမ်စရာဖြစ်ခဲ့ရပါတယ်။ ဒီပွဲမှာ နာပိုလီအသင်းသွင်းယူခဲ့တဲ့ (၂)ဂိုးစလုံးကို ဂိုးဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့တဲ့ တွမ်မီနေးက အေးဆေးငြိမ်သက်စွာနေပြီး ထိတ်လန့်တုန်လှုပ်နေရမယ့်အချိန်မဟုတ်ဘူးလို့ ပွဲအပြီး DAZN နဲ့ အင်တာဗျူးမှာ ဆိုခဲ့ပါတယ်။
တွမ်မီနေးက "ကျွန်တော်တို့ဟာ ဒီပွဲမှာ ဘာအမှားတွေလုပ်ခဲ့လဲဆိုတာကို ပြန်ကြည့်ရပါမယ်။ အရေးကြီးတာက အေးအေးဆေးဆေးနေဖို့နဲ့ ကျွန်တော်တို့လုပ်နေတဲ့အရာတွေကို ဆက်လုပ်ဖို့ပါ။ ပြီးရင် ရာသီကုန်မှာ ကျွန်တော်တို့ဘာတွေရမလဲဆိုတာ ကြည့်တာပေါ့"လို့ ဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလက မန်ယူနိုက်တက်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ တွမ်မီနေးဟာ နာပိုလီအသင်းအတွက် ပွဲဦးထွက်ရာသီမှာ ခြေစွမ်းပြနေပြီး (၃၄)ပွဲကစားထားရာမှာ (၁၂)ဂိုးသွင်းကာ ဂိုးဖန်တီးမှု(၆)ကြိမ်ပြုလုပ်ထားတာပါ။ နာပိုလီအသင်းဟာ လာမယ့်စီးရီးအေပွဲစဉ်အဖြစ် ပါးမားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။