မိုးရာသီမှာ ကိုယ်ခံအားကောင်းဖို့ လုပ်သင့်တဲ့ အချက် (၆) ချက်

မိုးရာသီရောက်လာနဲ့ ဖျားနာခြင်းနဲ့ နှာစေးချောင်းဆိုးတွေလည်း စပြီး ဖြစ်လာပါပြီ။ ဒီရာသီမှာ ပင်ပန်းလွယ်နေပြီး နှာတရှုံ့ရှုံ့နဲ့ ဖျားနာလွယ်တာ တိုက်ဆိုင်မှု မဟုတ်ပါဘူး။ ရောဂါပိုး ပေါက်ဖွားပျံ့နှံ့လွယ်တဲ့ ရာသီဖြစ်တဲ့အပြင် မိုးရေစိုတာကလည်း ဖျားနာခြင်းရဲ့ အစပါပဲ။ ဖြစ်မှ ဆေးသောက်တာထက် ကြိုတင်ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းထဲက တစ်ခုကတော့ ကိုယ်ခံအားကောင်းဖို့ လုပ်ခြင်း ဖြစ်ပါတယ်။ အားဆေးတွေသောက်ပြီး နေ့တိုင်း လေ့ကျင့်ခန်း အပြင်းအထန်လုပ်တာမျိုး အပြောင်းအလဲအကြီးအမားမျိုး မလိုပါဘူး။ ပြောင်းလဲမှု သေးသေးလေးတွေကပဲ မိုးရာသီကို မဖျားနာဘဲ ဖြတ်သန်းဖို့ ကူညီပေးနိုင်ပါတယ်။
(၁) မနက်စာမှာပါသင့်တဲ့ သောက်စရာ တစ်ခု
တစ်နေ့တာလုံး အနွေးဓာတ်လိုအပ်တဲ့ ဒီရာသီမှာ မနက်ခင်းတိုင်းကို သောက်စရာ ခပ်နွေးနွေးတစ်ခုနဲ့ စတင်ကြည့်ပါ။ ဂျင်းလက်ဖက်ရည် (ginger tea), ရေနွေးထဲ သံပုရာသီးညှစ်ပြီး သောက်တာ သို့ ဟင်းရည်သောက်တာမျိုးက ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းညှိပေးတဲ့အပြင် မနက်ခင်းကို စတင်ဖို့ ကျန်းမာတဲ့ အလေ့အကျင့်ကောင်းတစ်ခုပါ။
(၂) မီးဖိုချောင်မှာ ရှိတဲ့ ဆေးဝါးတစ်ချို့
မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိင်ငံတော်တော်များများမှာ ချင်း(ဂျင်း)၊ ဆနွင်း၊ ကြက်သွန်ဖြူ၊ ပင်ပွားရွက်၊ စပါးလင် စတာတွေဟာ မီးဖိုချောင်မှာ အလွယ်တကူရှိတဲတဲ့ ပစ္စည်းတွေပါ။ ဒါတွေဟာ ဟင်းချက်ဖို့ အသုံးဝင်ရုံတင်မဟုတ်ဘဲ ဆေးဝါးအနေနဲ့လည်း သုံးနိုင်ပါသေးတယ်။ ထမင်းစားရင်းနဲ့ ကြက်သွန်ဖြူတွဲစားတာ၊ ရေနွေးထဲ ချင်း(ဂျင်း)ထည့်သောက်တာ၊ နှာခေါင်းပိတ်တဲ့အခါ သို့ အသားအရည် ဂရုစိုက်ဖို့ ရေနွေးထဲထည့်ပြီး ရေနွေးငွေ့ခံတာမျိုးအထိ အသုံးပြုနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ လိုအပ်တဲ့ ဆေးတွေဟာ တကူးတက ဝယ်စရာမလိုတဲ့ အိမ်မှာရှိတဲ့ ပစ္စည်းတွေပါ။
(၃) ကိုယ်ခံအားအတွက် အရေးကြီးတဲ့ လှုပ်ရှားမှု
လှုပ်ရှားမှုရဖို့အတွက် Gym တွေ၊ Motivation တွေ မလိုပါဘူး။ အိမ်ထဲမှာပဲ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်တာ၊ အင်တာနက်က လေ့ကျင့်ခန်းလုပ်တဲ့ ဗီဒီယိုနဲ့ ငါးမိနစ်လောက် လေ့ကျင့်ခန်းလုပ်တာ၊ အကြိုက်ဆုံး သီချင်းဖွင့်ပြီး ကတာမျိုးနဲ့တင် လုံလောက်ပါတယ်။ မိုးရာသီရဲ့ ရာသီဥတုနဲ့ အပြင်ထွက်ဖို့ ခက်ခဲမှုကြောင့် အညောင်းမိလွယ်တာမို့ ဒီလို လှုပ်ရှားမှုတွေက ခန္ဓာကိုယ်ကို စည်းချက်ကျဖို့ အကူအညီဖြစ်စေမှာပါ။
(၄) လေဝင်လေထွက်ကောင်းဖို့
ပိတ်ထားတဲ့ ပြတင်းပေါက်တွေ၊ စိုနေတဲ့ တဘက်တွေ၊ အောင်းနေတဲ့ လေတွေက ကြာလာတဲ့အခါ အိမ်ရဲ့ အနံ့အသက်တင်မက ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ပန်ကာဖွင့်တာ၊ မိုးမရွာတဲ့အခါ ပြတင်းပေါက်တွေ သတိတရဖွင့်တာ၊ တဘက်စိုတွေကို နေပူတာနဲ့ ထုတ်လှမ်းတာမျိုးက ကျန်းမာရေးအတွက်ရော စိတ်ကြည်လင်ဖို့ပါ အထောက်အကူဖြစ်စေမှာပါ။
(၅) ပေါ့ပေါ့မတွေးသင့်တဲ့ အနားယူခြင်း
ကိုယ်ခံအားကောင်းဖို့အတွက် မမေ့သင့်တဲ့ အချက်ကတော့ အိပ်စက်ခြင်းနဲ့ အနားယူခြင်းပါပဲ။ အိပ်ရာစောစောဝင်တာ၊ နေ့ခင်းဘက် ခဏအိပ်တာ၊ ဘာမှမလုပ်ဘဲ ဒီတိုင်းလှဲနေတာမျိုး ရရင် ရသလို အနားယူဖို့ မမေ့ပါနဲ့နော်။
(၆) အာဟာရဖြစ်ပြီး နွေးထွေးမှုပေးတဲ့ အစားအသောက်
ကိုယ်ခံအားကောင်းဖို့ အရသာမရှိတဲ့ ကြက်သားပြုတ်ကို မှိတ်ကြိတ်စားဖို့ မလိုပါဘူး။ အစာလည်း ဆေးလည်းအစာဆိုသလို ကိုယ်ကြိုက်တဲ့ အစားအသောက်ကို အာဟာရဖြစ်အောင် စားပေးပါ။ ထမင်းပူပူ၊ ဟင်းရည်ပူပူနဲ့ အကြိုက်ဆုံးဟင်းတစ်ရံကလည်း အာဟာရဖြစ်ဖို့ လုံလောက်ပါတယ်။
မိုးရာသီတိုင်း အစဥ်အလာမပျက် ဖျားနာတတ်သူတစ်ယောက်ဆိုရင် ဒီနှစ်မှာတော့ ဒီလိုအချက်တွေနဲ့ ကျန်းမာတဲ့ မိုးရာသီကို ဖြတ်သန်းနိုင်ပါတယ်။ အပြင်သွားတိုင်း Mask တပ်တာမျိုး၊ လက်သေချာဆေးတာမျိုးကလည်း အပြင်မှာ ပျံ့နှံ့နေတဲ့ ရောဂါပိုးတွေကနေ ကာကွယ်ပေးနိုင်တာမို့ ဒီအချက်တွေကိုလည်း မမေ့စေချင်ပါဘူး။ အားလုံးပဲ မိုးရာသီကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ …