ကစားသမားတစ်ဦးအတွက် ကမ္ဘာ့ဖလားကိုင်မြှောက်အောင်ပွဲခံဖို့ဆိုတာ အလွန်ကိုဖြစ်နိုင်ဖို့ခက်ခဲတဲ့ နတ်ကြီးတဲ့အရာတစ်ခုလို့ ပြောလို့ရပါတယ်။ မက်ဆီလိုကစားသမားတောင် ကစားသမားဘ၀တစ်လျှောက်လုံး တစ်ကြိမ်သာကိုင်မြှောက်နိုင်ခဲ့ပြီး စီရော်နယ်ဒိုလိုကစားသမားကတော့ အသက်(၄၀)နှစ်ကျော်သည့်တိုင်အောင် တစ်ကြိမ်တောင် ကိုင်မြှောက်ခွင့်မရသေးတာမျိုးပါ။
ဒါကြောင့် အသက်(၁၈)နှစ်အရွယ် လူငယ်ကစားသမားတစ်ဦးအတွက်ဆိုရင် ကမ္ဘာ့ဖလားကိုင်မြှောက်ခွင့်ဆိုတာ ပိုလို့တောင်ဖြစ်နိုင်ဖို့ ခက်ခဲတဲ့အရာတစ်ခုပါ။ ဒီလိုအခွင့်အရေးမျိုးကို မန်ယူနိုက်တက်အသင်းရဲ့အာဂျင်တီးနားလူငယ်ကစားသမားဂါနာချိုက ရဖို့ နီးစပ်ခဲ့ပြီးမှ လွဲချော်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့အာဂျင်တီးနားအသင်းမှာ ပြိုင်ပွဲမတိုင်မီ ဂါနာချိုကို ရွေးချယ်ခေါ်ယူမယ်လို့ အတော်များများက ထင်ခဲ့ပေမယ့် နည်းပြစကာလိုနီက သူ့ကိုချန်လှပ်ခဲ့တာကြောင့်ပါ။
အဲဒီအချိန်တုန်းက ဂါနာချိုဟာ မန်ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြကစားနေပြီး ပရိသတ်တွေမျက်စိကျနေတဲ့အချိန်ဖြစ်ပါတယ်။
အခုတော့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အာဂျင်တီးနားအသင်းမှာ ဂါနာချိုချန်လှပ်ခံရတဲ့ အကြောင်းရင်းကို စပိန်ဘာသာစကားနဲ့ထုတ်ဝေတဲ့ အာဂျင်တီးနားသတင်းစာ El nacional က ဖော်ထုတ်ခဲ့ပါတယ်။ El nacional ရဲ့ဖော်ပြချက်အရ အာဂျင်တီးနားအသင်းမှာ ဂါနာချိုကို မရွေးချယ်ဖို့အတွက် နည်းပြစကာလိုနီကို အသင်းခေါင်းဆောင်မက်ဆီက ဖိအားပေးတောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

မက်ဆီလိုကစားသမားမျိုးက အာဂျင်တီးနားလက်ရွေးစင်အသင်းမှာ နည်းပြထက်ပို ဩဇာလွှမ်းမိုးမှုရှိသူဖြစ်သလို၊ စကာလိုနီဆိုတာလည်း မက်ဆီနဲ့ တစ်ချိန်က အာဂျင်တီးနားအသင်းမှာ အသင်းဖော်ဖြစ်ခဲ့ဖူးသူပါ။
မက်ဆီအနေနဲ့ ဂါနာချိုကို ချန်လှပ်ခိုင်းတဲ့အဓိကအကြောင်းအရင်းက စီရော်နယ်ဒိုနဲ့ ပတ်သက်နေပါတယ်။ အဲဒီတုန်းက စီရော်နယ်ဒိုဟာ မန်ယူနိုက်တက်အသင်းမှာ ဒုတိယအကြိမ် လာကစားနေချိန်ဖြစ်ပြီး ဂါနာချိုနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိနေချိန်ဖြစ်ပါတယ်။

ဂါနာချိုက စီရော်နယ်ဒိုဟာ သူ့ Idol(စံပြကစားသမား)ဖြစ်တယ်လို့ဆိုခဲ့ပြီး ဂိုးအောင်ပွဲခံရာမှာ စီရော်နယ်ဒိုအောင်ပွဲခံသလိုပြုလုပ်ခဲ့တာတွေ၊ ဆိုရှယ်မီဒီယာမှာ စီရော်နယ်ဒိုနဲ့ပတ်သက်ပြီး မကြာခဏ ပို့စ်တင်ရေးသားဖော်ပြခဲ့တာတွေက မက်ဆီအပါအဝင် အာဂျင်တီးနားအသင်းနဲ့ ပတ်သက်သူတချို့ကို မျက်စိစပါးမွှေးစူးစေခဲ့တယ်လို့ ဆိုပါတယ်။

အရင်က ဂါနာချိုအနေနဲ့ မက်ဆီက သူ့ရဲ့Idol ကစားသမားဖြစ်တယ်လို့ ပြောခဲ့ဖူးပေမယ့် မန်ယူနိုက်တက်အသင်းမှာ စီရော်နယ်ဒိုနဲ့အတူ တွဲကစားခွင့်ရအပြီးမှာ သူ့ရဲ့စိတ်သဘောထားတွေပြောင်းလာခဲ့တာပါ။ ဒီလို စီရော်နယ်ဒိုကို လွန်လွန်ကျူးကျူးအားကျနေတာတွေ၊ စီရော်နယ်ဒိုအကြောင်း များများစားစားဖော်ပြနေတာတွေက နိုင်ငံလက်ရွေးစင်အသင်းမှာ အသင်းခေါင်းဆောင်ဖြစ်တဲ့သူ့အပေါ် သစ္စာမဲ့ရာကျတယ်လို့ မက်ဆီက ခံစားခဲ့ရကြောင်း El nacional က ဖော်ပြခဲ့ပါတယ်။
ဒါကြောင့် ဂါနာချိုကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အာဂျင်တီးနားအသင်းမှာ မရွေးချယ်ဖို့ နည်းပြစကာလိုနီကို မက်ဆီက ဖိအားပေးတိုက်တွန်းခဲ့ကြောင်း El nacional က ဖော်ပြခဲ့တာပါ။

El nacional ရဲ့ဖော်ပြမှုက ရုပ်ရှင်ဇာတ်လမ်းတစ်ခုလို ဇာတ်လမ်းဇာတ်ကွက်ဆန်တယ်ဆိုပေမယ့် ဖြစ်နိုင်ခြေရှိတဲ့ ယုတ္တိတန်တဲ့ဖော်ပြမှုမျိုးဖြစ်ပါတယ်။ ဂါနာချိုရဲ့ကစားသမားဘ၀မှာ အကြီးမားဆုံးအခွင့်အရေးဖြစ်တဲ့ ကမ္ဘာ့ဖလားကိုင်မြှောက်ခွင့်ကို လွဲချော်အောင် မက်ဆီ တကယ်ပဲ ကြိုးစားခဲ့သလား ... မက်ဆီ Vs စီရော်နယ်ဒို စစ်အေးတိုက်ပွဲက ဂါနာချိုကို ကြီးမားတဲ့အောင်ပွဲနဲ့ လွဲချော်စေခဲ့သလားဆိုတာကတော့ ဒီကိစ္စမှာ ပါဝင်ပတ်သက်သူ ကာယကံရှင်တွေက အသိဆုံးဖြစ်မှာပါ။
Discussion