မကောင်းတဲ့ အကျင့်တွေကို ထပ်လဲလဲ လုပ်မိနေတာ ဘာကြောင့်လဲ? ဘယ်လိုရုန်းထွက်မလဲ?
“ငါ ဘာလို့ မကောင်းတဲ့ အကျင့်တွေကို သိသိရက်နဲ့ အမြဲလုပ်မိနေတာလဲ” ဆိုတာမျိုး လူတိုင်းတွေးဖူးကြမယ်ထင်ပါတယ်။ ကိုယ်နဲ့ အဆင်မပြေတဲ့သူမျိုးကိုမှ သဘောကျတာ၊ တစ်ခုခုလုပ်ဖို့ အချိန်အကြာကြီးဆွဲတာ၊ ပိုက်ဆံဖြုန်းတာ၊ ဗိုက်မဆာဘဲ အများကြီးစားမိတာ ဒါမျိုးတွေပေါ့။ ကိုယ့်ကိုယ်ကို သတိထားမိပေမယ့် ထိန်းချုပ်မရဘဲ အော်တိုလုပ်မိနေသလို ခံစားချက်မျိုးပါ။
အမှန်တကယ်တော့ ဒါဟာကိုယ့်စိတ်ကိုမထိန်းနိုင်တာထက် အများကြီးပိုပါတယ်။ မဖြေရှင်းဘဲ လျစ်လျူရှုထားတဲ့ စိတ်ခံစားချက်တွေ၊ ဘဝအတွေ့အကြုံတွေ နဲ့ ရင်းနှီးမှုကို နှစ်သက်တဲ့ ဦးနှောက်ကြောင့်ဆိုရင် ပိုမှန်ပါလိမ့်မယ်။
- လူ့ဦးနှောက်က လုပ်ရိုးထုံးစံတွေကို နှစ်သက်ပါတယ်
ဦးနှောက်က ရင်းနှီးမှုကို အမြဲမှတ်ထားတတ်ပါတယ်။ တစ်ခုခုကို ခဏခဏ လုပ်မိနေရင် ဦးနှောက်မှာရှိတဲ့ နာဗ်ကြောလမ်းကြောင်း (Neural pathway) မှာ ပိုပြီး ထင်ရှားလာပါတယ်။ မကောင်းတဲ့ အကျင့်ဆိုးတွေဖြစ်နေသည့်တိုင်အောင် ဦးနှောက်ရဲ့ မှတ်မိနေမှုကြောင့် လုပ်ရတာ ပိုမိုလွယ်ကူပြီး ခဏခဏ လုပ်မိနေတာပါ။
- ငယ်စဉ်ဘဝ အတွေ့အကြုံတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်
ငယ်စဉ်မှာ ဂရုစိုက်မှု ဘယ်လိုရခဲ့လဲ၊ ဘယ်လိုတောင်းဆိုခဲ့လဲ၊ ပဋိပက္ခတွေကို ဘယ်လိုကိုင်တွယ်ခဲ့လဲ၊ ပြဿနာတွေကနေ နုနယ်သေးတဲ့ ကိုယ့်စိတ်ကို ဘယ်လို ကာကွယ်ခဲ့ရလဲ စတာတွေက အသက်ကြီးလာတဲ့ အခါ လုပ်ရိုးလုပ်စဉ် (Pattern) တွေကို ဖြစ်စေပါတယ်။ အသက်ကြီးလာတာနဲ့ အရာရာ ပြောင်းလဲသွားပေမယ့် ငယ်စဉ်မှာ သင်ယူခဲ့ရတဲ့ ဒီလိုအတွေ့အကြုံတွေက လူတိုင်းရဲ့ အပြုအမူတွေကို လွှမ်းမိုးပါတယ်။
- ကိုယ့်စိတ်ကို မနိုင်တာမဟုတ်ပါဘူး (ထပ်တလဲလဲ ဖြစ်နေတာကို သတိမထားမိခြင်းပါ)
ပြောင်းလဲမှုကို စတင်ဖို့ မိမိကိုယ်ကို အပြစ်တင်ခြင်းက အလုပ်မဖြစ်ပါဘူး။ ဒီလိုမကောင်းတာတွေ ထပ်တလဲလဲလုပ်မိနေတာကို သတိပြုမိခြင်းနဲ့ စတင်နိုင်ပါတယ်။ မတူတဲ့ အချိန်အခါနဲ့ အခြေအနေတွေမှာ အရင်လို လုပ်ရိုးလုပ်စဉ်တွေ လုပ်မိပြီး အရင်လိုပဲ တုန့်ပြန်နေမိပြီဆိုရင် စတင်ပြီး ပြောင်းလဲသင့်ပါပြီ။
=> ဒါဆိုရင် ဒီသံသရာကနေ ဘယ်လိုရုန်းထွက်မလဲ?
- အရင်ဆုံး လုပ်မိနေတဲ့ အကျင့်တွေနဲ့ ဖြစ်တဲ့ အကြောင်းအရင်းကို ရှာပါ။ ဥပမာ - စိတ်ရှုပ်လို့ ပိုက်ဆံဖြုန်းချင်တာလား၊ ကိုယ့်ကိုယ်ကို ကောင်းတဲ့လူနဲ့ မထိုက်တန်ဘူးထင်လို့လား၊ စိတ်ဖိစီးတဲ့အခါ အစားကိုပဲ ဖိစားမိနေတာလား မျိုးပေါ့။ ဒီနေရာမှာ ကိုယ့်ကိုယ်ကို ဝေဖန်တာမျိုး မလုပ်ဘဲ အကြောင်းရင်းကိုသာ ရှာစေချင်ပါတယ်။
- ထပ်တလဲလဲဖြစ်နေတဲ့ အကျင့်တွေ (Pattern) ကို ပြောင်းလဲမှု အသေးလေးတွေနဲ့ စတင်နှောင့်ယှက်ပါ။ အဆင်မပြေတဲ့ လူတွေနဲ့ပဲ ပက်သက်နေမိတယ်ဆိုရင် လူတစ်ယောက်ကို သေချာမသိသေးဘဲ သဘောကျတာမျိုး မလုပ်ဘဲ စောင့်ကြည့်ဦးမယ်လို့ တွေးပြီး ဦးနှောက်ကို လှည့်စားနိုင်ပါတယ်။ အကယ်၍ ကိုယ်က ပဋိပက္ခဖြစ်တဲ့အခါ ဘာမှမပြောနိုင်တဲ့သူဆိုရင် ဒီတစ်ခေါက်မှာ စိတ်ထဲရှိရာကို တစ်ခွန်းဖြစ်ဖြစ် ပြောဖြစ်အောင် ပြောပြီး Pattern ကို နှောင့်ယှက်နိုင်ပါတယ်။
- အကျင့်ကို ဖျောက်ဖို့ထက် အစားထိုးဖို့လုပ်ပါ။ အကျင့်ဆိုးဆိုတာ ဖျောက်ပစ်ဖို့ အရမ်းခက်ပါတယ်။ သူတ်ို့ကို လုံးဝဖျောက်ပစ်ဖို့ဆိုတာထက် ပိုပြီးကောင်းတဲ့ အကျင့်နဲ့ အစားထိုးကြည့်ပါ။ ဥပမာ ကိုယ်က စိတ်ဖိစီးတဲ့အခါ အများကြီးစားမိတတ်တယ်ဆိုရင် ဒီတစ်ခေါက်မှာ လမ်းထွက်လျှောက်တာ၊ ခံစားချက်ကို ချရေးတာမျိုး ပြောင်းလုပ်ကြည့်နိုင်ပါတယ်။
သင့်အနေနဲ့ ကိုယ့်ကိုယ်ကို ကြင်ကြင်နာနာနဲ့ စိတ်ရှည်ဖို့ မမေ့ပါနဲ့
မကောင်းတဲ့ အကျင့်ဆိုတာ လူတိုင်းမှာရှိပါတယ်။ ဒီလိုအရာတွေကို သိသိကြီးနဲ့ လုပ်မိနေတာနဲ့ အသုံးမကျသူ မဟုတ်ပါဘူး။ ဒီအကျင့်တွေဟာ နှစ်နဲ့ချီတဲ့ အတွေ့အကြုံတွေက တည်ဆောက်လာတာမို့ တစ်ခါတည်းနဲ့ အကုန်ပြောင်းလဲဖို့ တွန်းအားမပေးဘဲ နေ့တိုင်း အပြောင်းအလဲ အသေးတွေနဲ့ စတင်နိုင်ပါတယ်။
အကျင့်ဆိုတာ လူတိုင်းအတွက် ကိုယ်နဲ့ တစ်သက်လုံး ရှိနေမှာ ဖြစ်လို့ ကောင်းတဲ့ အကျင့်တွေပိုပြီး တည်ဆောက်နိုင်လေလေ အချိန်တစ်ခုမှာ လုပ်မိနေကျ အကျင့်ဆိုးတွေ ပျောက်လာတာကို သတိပြုလာမိမှာပါ …