မန်စီးတီးအသင်းရဲ့ ဘယ်လ်ဂျီယံဝါရင့်ကွင်းလယ်လူဒီဘရိုင်းနားက ဒီရာသီကုန်ရင် လက်ရှိကလပ်မန်စီးတီးအသင်းက သူထွက်ခွာတော့မယ်လို့ အတည်ပြုခဲ့ပါတယ်။
အသက်(၃၃)နှစ်အရွယ်ရှိ ဒီဘရိုင်နားဟာ ဒီရာသီကုန်ရင် မန်စီးတီးအသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အသင်းနဲ့ စာချုပ်သစ်ဆက်ချုပ်တော့မှာမဟုတ်ကြောင်းကို သူ့ရဲ့ဆိုရှယ်မီဒီယာမှာ အသိပေးခဲ့တာပါ။
"ပုံပြင်ဇာတ်လမ်းတိုင်းမှာ အဆုံးသတ်ဆိုတာရှိပါတယ်။ ဒါပေမယ့် ဒါက နောက်ထပ် အခန်းကဏ္ဍသစ်တစ်ခုဖွင့်လှစ်ဖို့လည်းဖြစ်ပါတယ်"လို့ ဆိုရှယ်မီဒီယာမှာ ဒီဘရိုင်းနားက ရေးသားခဲ့ပါတယ်။

မန်စီးတီးအသင်းကို ၂၀၁၅ ခုနှစ်က ၀ုလ်ဘတ်အသင်းကနေ ပေါင်(၅၅)သန်းနဲ့ ရောက်လာတဲ့ ဒီဘရိုင်းနားဟာ မန်စီးတီးအသင်းအတွက် (၄၁၃)ပွဲကစားခဲ့ပြီး ဆုဖလား(၁၆)လုံးရယူနိုင်ခဲ့ပါတယ်။
ဒီဘရိုင်းနားဟာ မန်စီးတီးအသင်းမှာ ဂိုးစုစုပေါင်း(၁၀၆)ဂိုးသွင်းခဲ့ပြီး ဒီရာသီမှာတော့ ဒဏ်ရာနဲ့ ကြံ့ခိုင်မှုဆိုင်ရာပြဿနာတွေကြောင့် ပထမကစားသမားနေရာကို ပုံမှန်မရတော့ဘဲ ပွဲထွက်ကစားသမားအဖြစ် (၁၉)ပွဲသာ ကစားခဲ့ရပါတယ်။
ဒါကြောင့် အသင်းကို စွန့်ခွာဖို့ဆုံးဖြတ်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ပေါင်ဒဏ်ရာရခဲ့ပြီးနောက် စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေကို ရပ်ဆိုင်းခဲ့တာပါ။

ဒီဘရိုင်းနားက မန်စီးတီးအသင်းကနေ ထွက်ခွာတော့မယ်လို့ ဆိုခဲ့ပြီးနောက် သူ့အနေနဲ့ ဘယ်အသင်းကို ပြောင်းရွှေ့မလဲဆိုတာ စိတ်ဝင်စားစရာကောင်းလာပါတယ်။
ဒီဘရိုင်းနားကို ခေါ်ယူဖို့ ဂါလာတာစာရေး၊ ဖီနာဘာချီ၊ ရေးဗားပလိတ်၊ ဆန်ဒီယေဂို FC အစရှိတဲ့အသင်းတွေက စိတ်ဝင်စားနေကြတယ်လို့ သတင်းတွေထွက်နေပေမယ့် သူ့အနေနဲ့ ဆော်ဒီဒုတိယတန်းကလပ် နီယွန်FC အသင်းကို ပြောင်းရွှေ့နိုင်ကြောင်းလည်း ဗြိတိန်မီဒီယာတွေက ဖော်ပြကြပါတယ်။

ဒီဘရိုင်းနားဟာ ငွေကြေးကြွယ်၀ချမ်းသာတဲ့ နီယွန်အသင်းနဲ့ အကြိုဆွေးနွေးမှုတွေပြုလုပ်ပြီးဖြစ်ပြီး ရာသီကုန်တာနဲ့ ဒီအသင်းကို ပြောင်းရွှေ့ကစားမှာဖြစ်ကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြတာပါ။
တစ်ချိန်က ငွေကြေးအတွက် ဆော်ဒီကိုသွားရောက်ကစားနိုင်တယ်လို့ ဝန်ခံခဲ့ဖူးတဲ့ ဒီဘရိုင်းနားရဲ့စကားကလည်း သူ့ရဲ့ကစားသမားဘ၀နေဝင်ချိန်ကို ဆော်ဒီဒုတိယတန်းလိဂ်ပြိုင်ပွဲမှာ မှေးမှေးမှိန်မှိန်ဖြတ်သန်းသွားနိုင်တယ်ဆိုတဲ့အချက်ကို တွန်းအားပေးနေပါတယ်။
ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ဒီဘရိုင်းနားကို နောက်ရာသီမှာ ဘယ်အသင်း၊ ဘယ်ပြိုင်ပွဲမှာ တွေ့မြင်ရမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။
Discussion