မန်စီးတီးအသင်းရဲ့ပွဲတွေမှာ (၈)နှစ်လုံးလုံး အတွင်းခံတစ်ထည်တည်း စွဲစွဲမြဲမြဲ ဝတ်ဆင်ခဲ့တဲ့ အီဒါဆန်
မန်စီးတီးအသင်းရဲ့ဘရာဇီးလ်လူမျိုးဂိုးသမား အီဒါဆန်က သာမန်လူတွေနဲ့မတူတဲ့ သူ့ရဲ့ထူးခြားတဲ့အမူအကျင့်တစ်ခုကို ဖွင့်ဟပြောပြခဲ့ပါတယ်။
ဒါက အမူအကျင့်ဆိုတာထက် သူ့ရဲ့စိတ်အစွဲတစ်ခုလို့လည်း ပြောလို့ရပါတယ်။ ယုံကြည်မှုတစ်ခုလို့ ဆိုရင်လည်း မမှားပါဘူး။
အီဒါဆန်က မန်စီးတီးအသင်းကို ရောက်ကတည်းက အသင်းရဲ့ပွဲစဉ်တွေကစားတဲ့အခါတိုင်း အတွင်းခံဘောင်းဘီ တစ်ထည်တည်းကို စွဲစွဲမြဲမြဲ ဝတ်ခဲ့တယ်လို့ ဝန်ခံခဲ့တာပါ။
အီဒါဆန်ဟာ ၂၀၁၇ ခုနှစ်က ဘင်ဖီကာအသင်းကနေ မန်စီးတီးအသင်းကို ရောက်လာပြီး အသင်းအတွက် ပြိုင်ပွဲစုံ(၃၆၂)ပွဲ ကစားပေးထားသူပါ။ သူ့ပြောပုံအရတော့ ဒီပွဲတွေအားလုံး ဒီအတွင်းခံတစ်ထည်တည်းကို ဝတ်ဆင်ခဲ့တဲ့သဘောပါပဲ။
Football Focus ရုပ်သံအစီအစဉ်မှာ အီဒါဆန်နဲ့ မန်စီးတီးဂိုးသမားဟောင်း ရှေးဂစ်ဗင်တို့ ဘောလုံးအကြောင်း အပြန်အလှန်ပြောကြတဲ့အခါမှာ အီဒါဆန်က ဒီလျှို့ဝှက်ချက်ကို ဖွင့်ဟခဲ့တာပါ။
"ကျွန်တော့်မှာ ထူးခြားတဲ့အရာတစ်ခုရှိတယ်။ ပွဲတိုင်းမှာ လက်ဝှေ့ဘောင်းဘီတစ်ထည်တည်းကိုပဲ အောက်ခံဘောင်းဘီအဖြစ် ဝတ်လေ့ရှိတယ်"လို့ အီဒါဆန်က ဝန်ခံပြောဆိုခဲ့ရာမှာ ရှေးဂစ်ဗင်က "တစ်ရာသီလုံးကို တစ်ထည်တည်း ဝတ်တာလား"လို့ တအံတဩ ပြန်မေးယူရပါတယ်။
အဲဒီမှာ အီဒါဆန်က"No, တစ်ရာသီတည်းမဟုတ်ဘူး။ (၈)နှစ်လုံးလုံး ဒီတစ်ထည်တည်းဝတ်ခဲ့တာ"လို့ ပြန်ဖြေခဲ့ပါတယ်။
"ဒါဆိုရင်တော့ ဒီအောက်ခံဘောင်းဘီက အတော်ရွဲနေလောက်ပြီ"လို့ ဂစ်ဗင်က ရယ်မောပြီး ပြန်ပြောခဲ့ပါတယ်။
အီဒါဆန်က ယုံကြည်မှုတစ်ခုအနေနဲ့ ဒီလိုဝတ်ဆင်တာဆိုရင်လည်း သူ့အတွက် မမှားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီ(၈)နှစ်အတွင်း မန်စီးတီးမှာ ပရီးမီးယားလိဂ်ဖလား(၈)လုံး၊ ချန်ပီယံလိဂ်ဖလား(၁)လုံး၊ FA ဖလား(၂)လုံး၊ လိဂ်ဖလား(၄)လုံးအပြင် ဆုဖလားတွေများစွာ ဆွတ်ခူးနိုင်ခဲ့လို့ပါ။
ကစားသမားတချို့အနေနဲ့ အောင်မြင်မှုရဖို့အတွက် အစွဲတစ်ခုအနေနဲ့ ယတြာချေသလိုလုပ်တာတွေ၊ အဆောင်လက်ဖွဲ့ဆောင်သလို လုပ်တတ်တာတွေရှိတတ်ပေမယ့် အီဒါဆန်ရဲ့အစွဲကတော့ ထူးခြားနေတယ်လို့ ဆိုရမှာပါပဲ။