မန်စီးတီးအသင်းတာဝန်ရှိသူတွေနဲ့ ဖလော်ရီယန်ဗစ်ဇ်ရဲ့မိဘတွေ အင်္ဂလန်မှာတွေ့ဆုံခဲ့

ဥရောပထိပ်သီးကလပ်တွေရဲ့ပစ်မှတ်ဖြစ်နေတဲ့ လေဗာကူဆင်အသင်းကွင်းလယ်လူ ဖလော်ရီယန်ဗစ်ဇ်ရဲ့မိဘတွေဟာ အင်္ဂါနေ့က မန်စီးတီးအသင်းတာဝန်ရှိသူတွေနဲ့ အင်္ဂလန်မှာတွေ့ဆုံခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ (၁၀)နှစ်ကြာကစားခဲ့ပြီးနောက် ရာသီကုန်မှာထွက်ခွာမယ့် ကွင်းလယ်လူဒီဘရိုင်းနားရဲ့နေရာမှာအစားထိုးဖို့ ဖလော်ရီယန်ဗစ်ဇ်ကို လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူနိုင်ဖို့ ကြိုးစားနေတာပါ။
မန်စီးတီးအသင်းဟာ ဖလော်ရီယန်ဗစ်ဇ်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး သူ့ရဲ့မိဘတွေဖြစ်တဲ့ ဟန်စ်နဲ့ ကာရင်တို့အကြားဆွေးနွေးတဲ့ သတင်းတွေကို စောင့်ဆိုင်းနေကြောင်း Mail Sport က ပြီးခဲ့တဲ့အပတ်မှာ ဖော်ပြခဲ့ပါတယ်။ ဖလော်ရီယန်ဗစ်ဇ်ဟာ မန်စီးတီးအသင်းထက် ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ချင်နေတယ်လို့ သတင်းတွေထွက်နေပေမယ့် မန်စီးတီးအသင်းကတော့ သူ့ကိုခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာပါ။
ဖလော်ရီယန်ဗစ်ရဲ့ဖခင်က သားဖြစ်သူဟာ ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ ယုံကြည်နေပြီး မိခင်ကတော့ လေဗာကူဆင်အသင်းမှာ နောက်ထပ်တစ်ရာသီဆက်ကစားဖို့ အကြံပြုထားတာဖြစ်ပါတယ်။ လေဗာကူဆင်အသင်းရဲ့နည်းပြဖြစ်သူ ဇာဘီအလွန်ဆိုဟာ ရာသီကုန်မှာ အသင်းကထွက်ခွာပြီး ရီးရဲလ်မက်ဒရစ်အသင်းကို ကိုင်တွယ်ဖို့ သဘောတူညီမှုရရှိထားတာပါ။
ဖလော်ရီယန်ဗစ်ဇ်ရဲ့မိဘတွေဟာ မန်ချက်စတာမှာ နာရီအတော်ကြာရှိခဲ့ပေမယ့် မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာနဲ့ တွေ့ဆုံခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။ ဖလော်ရီယန်ဗစ်ဇ်ကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်အသင်းကလည်း စိတ်ဝင်စားနေတာပါ။ မန်စီးတီးအသင်းဟာ လာမယ့်ရာသီမှာ အသင်းရဲ့လူစာရင်းအင်အားကို ပိုပြီးအားကောင်းလုပ်ဖို့ အတွက် ဖောရက်စ်အသင်းကြယ်ပွင့် ဂစ်ဘ်ဝှိုက်စ်နဲ့ အေစီမီလန်အသင်းကွင်းလယ်လူ ရိုင်ဒါစ်ကိုခေါ်ယူနိုင်ဖို့လည်း ပြင်ဆင်နေတာဖြစ်ပါတယ်။