မန်စီတီးသရေကျ၊ ဗီလာအနိုင်ရတာကြောင့် ပိုပြင်းထန်လာမယ့် ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲ
ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်(၃၆)မှာ အဆင့်(၃)က မန်စီးတီးအသင်းက သရေကျ၊ အဆင့်(၇)က ဗီလာအသင်းက အနိုင်ရတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲက ရာသီကုန်ခါနီးလေ ပြင်းထန်လေဖြစ်လာပါတယ်။
မန်စီးတီးအသင်းက တန်းဆင်းလက်မှတ်ရထားတဲ့ ဆောက်သမ်တန်အသင်းကို ဂိုးကန်ချက်(၂၅)ကြိမ်ထက်မနည်း ကန်သွင်းပေမယ့် တစ်ဂိုးမှမရဘဲ ဂိုးမရှိသရေကျခဲ့တာပါ။

ဗီလာကတော့ အဆင့်(၁၀)ကနေ ဥရောပဝင်ခွင့်မျှော်နေတဲ့ ဘုန်းမောက်အသင်းကို အဝေးကွင်းမှာ ဝက်ကင်စ်(၄၅+၅)မိနစ်မှာ သွင်းယူခဲ့တဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့ပြီး ဒီပွဲမှာ ဗီလာအသင်းရဲ့နိုင်ပွဲအတွက် အမှန်တကယ်ချီးကျူးရမှာက ဗီလာဂိုးသမားမာတီနက်ဇ်ဖြစ်ပါတယ်။
မာတီနက်ဇ်က ဘုန်းမောက်တိုက်စစ်မှူးတွေဖြစ်တဲ့ အီဗာနီလ်ဆင်၊ ဆီမန်ညိုတို့သွင်းယူခဲ့တဲ့ အပိုင်ကန်သွင်းမှုတွေအပါအဝင် ဘုန်းမောက်ရဲ့ဂိုးကန်ချက်အတော်များများကို ကာကွယ်သွားခဲ့တာပါ။
ဒီပွဲနိုင်ပွဲကြောင့် ဗီလာက အဆင့်(၆)ကို တစ်ဆင့်ခုန်တက်လာခဲ့ပြီး အဆင့်(၃)နေရာက မန်စီးတီး(၆၅ မှတ်)နဲ့ (၂)မှတ်အကွာ၊ အဆင့်(၄၊ ၅)မှာရပ်တည်နေတဲ့ နယူးကာဆယ်နဲ့ ချယ်လ်ဆီးတို့ နဲ့ ရမှတ်တူ အနေအထားကို ရောက်လာခဲ့ပါတယ်။

နယူးကာဆယ်နဲ့ ချယ်လ်ဆီးတို့က ဒီနေ့ထိပ်တိုက်တွေ့ဆုံကစားရမှာကြောင့် အနည်းဆုံးတစ်သင်းကတော့ အမှတ်လျော့ဦးမှာဖြစ်ပြီး ဗီလာရဲ့ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်က ပိုအားကောင်းလာပါတယ်။
မန်စီးတီးနဲ့ ဗီလာက တစ်ပွဲပိုနေတဲ့အနေအထားမှာ အဆင့်(၃၊ ၄၊ ၅၊ ၆၊ ၇)အသင်းတွေက (၄)မှတ်သာကွာဟနေလို့ ဘယ်အသင်း ရာသီကုန် ချန်ပီယံလိဂ်ဝင်ခွင့်ရမလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

မနေ့က ပရီးမီးယားလိဂ်(၅)ပွဲမှာ အိမ်ရှင်အသင်းတွေအကုန်နိုင်ပွဲပျောက်ခဲ့ပြီး (၄)သင်းက ရှုံးပွဲတွေ့ခဲ့ပါတယ်။
ပရီးမီးယားလိဂ်စနေနေ့ပွဲရလဒ်များ
ဖူလ်ဟမ်(၁-၃)အဲဗာတန်
အစ်ဝစ်ချ်(၀-၁)ဘရန့်ဖို့ဒ်
ဆောက်သမ်တန်(၀-၀)မန်စီးတီး
၀ုလ်ဗ်စ်(၀-၂)ဘရိုက်တန်
ဘုန်းမောက်(၀-၁)ဗီလာ