ဘောလုံးသမားတွေ အသက်လိမ်တယ်ဆိုတာ အာရှနဲ့ အာဖရိကဘောလုံးလောကမှာတော့ မထူးဆန်းတဲ့အရာလို့ ဆိုရပါလိမ့်မယ်။

ဘောလုံးဖွံဖြိုးဆဲနိုင်ငံတွေနဲ့ ဘောလုံးရေချိန်နိမ့်တဲ့နိုင်ငံတချို့မှာ အသက်လိမ်တဲ့ပြဿနာကို မဖြေရှင်းနိုင်သေးပေမယ့် ဖွံဖြိုးပြီးဘောလုံးအင်အားကြီးနိုင်ငံအတော်များများမှာတော့ ဒီပြဿနာက မရှိသလောက် ရှားပါးနေပြီဖြစ်ပါတယ်။

ဒါပေမယ့် ဒီရက်ပိုင်းထွက်ပေါ်လာတဲ့သတင်းတစ်ခုက အင်္ဂလန်ဘောလုံးလောကက တာဝန်ရှိသူတွေကို မျက်ခုံးပင့်သွားစေခဲ့ပါတယ်။

အဲဒါက မန်ချက်စတာမြို့ခံအသင်းကြီး(၂)သင်းဖြစ်တဲ့ မန်ယူနိုက်တက်အသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့အကယ်ဒမီတွေမှာ ကစားသမားတချို့ဟာ အသက်လိမ်ထားကြပြီး သူတို့တကယ့်အသက်အမှန်က မှတ်ပုံတင်စာရင်းထဲက အသက်ထက် ပိုကြီးနေတာတယ်ဆိုတာပါ။

ဒီအကယ်ဒမီ(၂)ခုက ပြည်ပနိုင်ငံဖွား ကစားသမား(၆)ဦးဟာ အသက်လိမ်ထားကြတယ်လို့ စွပ်စွဲမှုတွေရှိနေတာဖြစ်ပါတယ်။ ဒီကစားသမား(၆)ဦးထဲက (၃)ဦးဟာ အင်္ဂလန်နိုင်ငံကိုယ်စားပြုပြီး သက်တမ်းအလိုက်လူငယ်အသင်းတွေမှာတောင် ပါဝင်ကစားခဲ့ကြတယ်လို့ သိရပါတယ်။

Telegraph သတင်းစာက ဒီသတင်းကို အစဆွဲထုတ်ကာ ဖော်ပြခဲ့ပြီး အခုအခါ ဒီအသင်း(၂)သင်းက တာဝန်ရှိသူတွေဟာ ဒီလို စွပ်စွဲခံခဲ့ရတဲ့ ကစားသမားတွေရဲ့ဓါတ်ပုံ/အချက်အလက်တွေကို စစ်ဆေးလျက်ရှိနေကြောင်း သိရပါတယ်။

ဒီလူငယ်ကစားသမားတွေက အလားအလာရှိပြီး အနာဂတ်တောက်ပနေတဲ့ အဖိုးတန်ကြယ်ပွင့်ကစားသမားလေးတွေဖြစ်တာကြောင့် သူတို့ရဲ့ကစားသမားဘ၀ထိခိုက်နစ်နာမှာ စိုးရိမ်လို့ ဘယ်သူဘယ်ဝါဆိုတာကို နှစ်ဖက်အသင်းရော၊ မီဒီယာတွေကပါ ဖော်ထုတ်ရေးသားခြင်းမရှိကြောင်း သိရပါတယ်။

ဒါပေမယ့် ဒီပြဿနာပေါ်ပေါက်လာတာ တခြားအင်္ဂလန်ကလပ်အသင်းတွေက အကယ်ဒမီတွေအတွက်ပါ စိုးရိမ်စရာဖြစ်စေခဲ့ပါတယ်။ အကယ်ဒမီတွေမှာ တက်ရောက်နေတဲ့ လူငယ်ကစားသမားတွေရဲ့ တချို့သောမိဘတွေကလည်း သူတို့ရဲ့ကလေးတွေအနေနဲ့ အသက်လိမ်ထားတဲ့ (ပုံမှန်ကလေးတွေထက် ၄၊ ၅ နှစ်ပိုကြီးနေတဲ့)ကစားသမားတွေနဲ့ ကစားနေရတာကို စိုးရိမ်သောကရောက်နေကြကြောင်း သိရပါတယ်။ ဒီအသက်လိမ်ကစားသမားတွေကြောင့် မိမိတို့ရဲ့ကလေးတွေ ထိခိုက်ဒဏ်ရာရမှာ စိုးရိမ်မိတယ်လို့ ကလေးမိဘတစ်ဦးက ပြောခဲ့ပါတယ်။

လောလောဆယ်မှာတော့ ဒီပြဿနာကို ဘယ်လိုအရေးယူဖြေရှင်းမယ်ဆိုတာ မန်ချက်စတာမြို့ခံ(၂)သင်း၊ ပရီးမီးယားလိဂ်အဖွဲ့ချုပ်နဲ့ ဗြိတိန်ပြည်ထဲရေးဝန်ကြီးဌာနတို့က တရားဝင်တုံ့ပြန်ပြောဆိုမှုမရှိသေးပါဘူး။