မန်ချက်စတာက နေအိမ်ကို လျှို့ဝှက်ရောင်းချနေတဲ့ ဂါနာချိုရဲ့ ပိုမိုလှုပ်ခတ်လာတဲ့အနာဂတ်
မန်ယူနိုက်တက်အသင်းမှာ အနာဂတ်မတည်မငြိမ်ဖြစ်နေတဲ့ အာဂျင်တီးနားတိုက်စစ်မှူးဂါနာချိုဟာ မန်ချက်စတာမြို့က သူရဲ့နေအိမ်ကို လျှို့ဝှက်ရောင်းချနေကြောင်းသိရပါတယ်။
ဂရိတ်မန်ချက်စတာ၊ ဘိုးဒန်အရပ်မှာရှိတဲ့ အိပ်ခန်း(၇)ခန်းပါ နေအိမ်ကို ဂါနာချို(၂၀ နှစ်)က ရောင်းချဖို့ ကြိုးစားနေတာပါ။
ဒီနေအိမ်က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဧပြီလကမှ ဂါနာချိုက ဝယ်ယူထားတာဖြစ်ပြီး တစ်နှစ်အကြာမှာပဲ ပြန်လည်ရောင်းချဖို့ စီစဉ်နေတာဖြစ်ပါတယ်။
သူဝယ်ယူခဲ့စဉ်က ဒီနေအိမ်အတွက် ပေါင်(၃.၈၀၄)သန်းပေးခဲ့ရပြီး သူ့ရဲ့လက်တွဲဖော်အမျိုးသမီးအီဗာ၊ သားဖြစ်သူအန်ဇိုတို့နဲ့ အတူနေထိုင်နေတာပါ။ အခု ဂါနာချိုက သူ့နေအိမ်ကို အိမ်ခြံမြေအရောင်းအဝယ် အေဂျင်စီတစ်ခုမှာ ပေါင်(၃.၈၅)သန်းနဲ့ စျေးခေါ်ထားကြောင်း ဗြိတိန်သတင်းစာတွေက ဖော်ပြကြပါတယ်။
ဒီလို မန်ချက်စတာမြို့ကနေအိမ်ကို အရောင်းတင်ထားတဲ့အတွက် ဂါနာချိုအနေနဲ့ လာမယ့်နွေရာသီမှာ မန်ယူနိုက်တက်အသင်းကို စွန့်ခွာတော့မယ်ဆိုတဲ့သတင်းတွေပိုမိုထွက်ပေါ်လာခဲ့ပြီး သူ့ရဲ့အနာဂတ်က ပိုမိုလှုပ်ခတ်လာခဲ့ပါတယ်။
ဂါနာချိုကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလတွေကတည်းက ချယ်လ်ဆီး၊ စပါးအစရှိတဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေ၊ စီးရီးအေကလပ်နာပိုလီအပါအဝင် အသင်းတချို့က ပစ်မှတ်ထားခဲ့ကြတာပါ။
ဂါနာချိူဟာ အသက်(၁၆)နှစ်အရွယ် ၂၀၂၀ ခုနှစ်မှာ မန်ယူနိုက်တက်အသင်းကို စတင်ရောက်ရှိလာခဲ့ပြီး မန်ယူနိုက်တက်အကယ်ဒမီမှာ အချိန်တိုအတွင်း ထင်ရှားတဲ့ကစားသမားတစ်ဦးဖြစ်ခဲ့သလို၊ မန်ယူနိုက်တက်အသင်းကြီးမှာလည်း မြန်မြန်ဆန်ဆန်ကစားခွင့်ရခဲ့သူဖြစ်ပါတယ်။
ဒါပေမယ့် ဒီရာသီမှာ သူ့အနေနဲ့ ပွဲအတော်များများကို လူစားဝင်ကစားနေရပြီး ပုံမှန်ပွဲထွက်ခွင့်နည်းပါးလာတာကြောင့် သူ့ရဲ့အနာဂတ်က လှုပ်ခတ်လာခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်(၃၆)ပွဲမှာ (၃၀)ပွဲ ပွဲထွက်ကစားခွင့်ရခဲ့တဲ့ ဂါနာချိုဟာ ဒီရာသီ ပရီးမီးယားလိဂ်(၂၉)ပွဲမှာ (၁၈)ပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။