မန်ယူနိုက်တက်-အက်စတွန်ဗီလာပွဲက ဒိုင်လူကြီးရဲ့ကြီးမားတဲ့အမှားကို အက်စတွန်ဗီလာအသင်းတိုင်ကြားထား

မန်ယူနိုက်တက်အသင်းက အက်စတွန်ဗီလာအသင်းကို (၂-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ ကွင်းလယ်ဒိုင်လူကြီးဘရာမောလ်ရဲ့ကြီးမားတဲ့ အမှားအယွင်းအတွက် အက်စတွန်ဗီလာအသင်းဟာ အင်္ဂလန်ပရော်ဖက်ရှင်နယ်ဒိုင်လူကြီးများအဖွဲ့ချုပ်(PGMOL)ထံ တိုင်ကြားမှုပြုလုပ်ခဲ့ပါတယ်။ အက်စတွန်ဗီလာအသင်းဟာ ဒီပွဲအရေးနိမ့်ခဲ့တာကြောင့် လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ကို ဆုံးရှုံးခဲ့ရတာပါ။

အက်စတွန်ဗီလာအသင်းဟာ ဒီပွဲစဉ်ရဲ့ပထမပိုင်းပြီးခါနီးမှာ အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရလို့ တစ်ဦးလျော့နဲ့ ကစားခဲ့ရပေမယ့် အင်္ဂလန်ကြယ်ပွင့် ရော်ဂျာစ်က ဒုတိယပိုင်းမှာဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ရော်ဂျာစ်ဟာ မန်ယူနိုက်တက် ဂိုးသမား ဘယင်ဒါရဲ့လက်ထဲကနေ ဘောလုံးကို ရယူပြီး ဂိုးသွင်းယူခဲ့တယ်ဆိုကာ ကွင်းလယ်ဒိုင်လူကြီးက ပြစ်ဒဏ်ဘောအဖြစ်သတ်မှတ်ခဲ့တာပါ။

ကွင်းလယ်ဒိုင်လူကြီးဟာ ရော်ဂျာစ်ဂိုးပေါက်ထဲကို မကန်သွင်းမီကတည်းက ဝီစီမှုတ်ခဲ့တာကြောင့် VAR ဟာ ဒီအဖြစ်အပျက်ထဲကို ဝင်ရောက်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ မိနစ်အနည်းငယ်အကြာမှာ တောင်ပံကစားသမားအာမတ်က မန်ယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ကွင်းလယ်လူအဲရစ်ဆင်က ပယ်နယ်တီကနေ နောက်ထပ်တစ်ဂိုးကို သွင်းယူခဲ့တာပါ။ အဲ့ဒါကြောင့် အက်စတွန်ဗီလာအသင်းဟာ ဂိုးကွာခြားချက်နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ဆုံးရှုံးခဲ့ပြီး ယူရိုပါလိဂ်ပြိုင်ပွဲသာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

အက်စတွန်ဗီလာအသင်းဟာ ပွဲအပြီးမှာ PGMOL ထံ ဒိုင်လူကြီးရွေးချယ်မှုနဲ့ ပတ်သက်ပြီး စာရေးသားတိုင်ကြားကာ ဒီလိုပွဲမျိုးမှာ အတွေ့အကြုံရှိတဲ့ ဒိုင်လူကြီးကို တာဝန်ပေးသင့်တယ်လို့ ဆိုခဲ့တာပါ။ အက်စတွန်ဗီလာအသင်းနည်းပြအူနိုင်းအမ်မရီက ဒါဟာ ကြီးမားတဲ့အမှားဖြစ်ပြီး ဒီသွင်းဂိုးသာခွင့်ပြုခဲ့ရင် သူတို့အတွက် ပိုကောင်းတဲ့ရလဒ်နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိသွားနိုင်တယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။