မန်ယူနိုက်တက်အသင်းအတွက် လိဂ်ဖလားပွဲစဉ်မဲနှိုက်ပေးခဲ့ဖူးတဲ့ ဒေါ်နယ်ထရမ့်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူဟာ မန်ယူနိုက်တက်ပရိသတ်တစ်ဦးဖြစ်တယ်ဆိုတာကို (အတိအလင်းထုတ်ဖော်ပြောဆိုတာမဟုတ်ဘဲ)ရိပ်ဖမ်းသံဖမ်း ပြောဆိုခဲ့ဖူးသလို မန်ယူနိုက်တက်အသင်းရဲ့သမိုင်းကြောင်းမှာလည်း တစ်စိတ်တစ်ပိုင်းပါဝင်ပတ်သက်ဖူးခဲ့ပါတယ်။

အဲဒါကတော့ မန်ယူနိုက်တက်အသင်း ချန်ပီယံအဖြစ် ဗိုလ်စွဲခဲ့တဲ့ လိဂ်ဖလားပြိုင်ပွဲတစ်ခုမှာ ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်ကို ဒေါ်နယ်ထရမ့်က မဲနှိုက်ရွေးချယ်ပေးခဲ့ဖူးတာပါ။

မန်ယူနိုက်တက်အသင်းဟာ လိဂ်ဖလားပြိုင်ပွဲမှာ (၆)ကြိမ်ဗိုလ်စွဲခဲ့ဖူးပြီး ပထမဆုံးချန်ပီယံဆုကို ၁၉၉၁-၉၂ ရာသီမှာ ရရှိခဲ့တာပါ။ အဲဒီရာသီမှာ လိဂ်ဖလားကွာတားဖိုင်နယ်မဲခွဲပွဲကို ရုပ်သံအစီအစဉ် Saint and Greavsie မှာ ပြသဖို့အတွက် ဒီရှိုးပွဲအစီအစဉ် ရိုက်ကူးတဲ့ နယူးယောက်မြို့က နာမည်ကျော် ထရမ့်တာဝါ(Trump Tower)မှာ ပြုလုပ်ခဲ့ပါတယ်။

ရုပ်သံရိုက်ကူးနေတဲ့ ဒီမဲခွဲပွဲမှာ ထရမ့်တာဝါပိုင်ရှင် အိမ်ခြံမြေ စီးပွားရေးသမားဒေါ်နယ်ထရမ့်က ပါဝင်ခဲ့ပြီး ဘောလုံးသမားဟောင်း ဂျင်မီဂရေ့ဗ်စ်နဲ့အတူ မဲနှိုက်ပေးခဲ့တာပါ။

ထရမ့် နှိုက်ခဲ့တဲ့မဲအရ မန်ယူနိုက်တက်အသင်းဟာ ကွာတားဖိုင်နယ်မှာ လိဒ်စ်အသင်းနဲ့ကျရောက်ခဲ့ပါတယ်။ ထရမ့်က အဝေးကွင်းအသင်းတွေကို မဲနှိုက်ပေးခဲ့ပြီး ဂျင်မီဂရေ့ဗ်စ်က အိမ်ကွင်းအသင်းတွေကို မဲနှိုက်ပေးခဲ့တာပါ။

မန်ယူနိုက်တက်အသင်းဟာ ကွာတားဖိုင်နယ်မှာ လိဒ်စ်အသင်းကို (၃-၁)ဂိုးနဲ့ အလွယ်တကူအနိုင်ရပြီး ဆီမီးဖိုင်နယ်မှာ မစ်ဒယ်ဘရော့အသင်းကို (၂-၁)ဂိုး ဗိုလ်လုပွဲမှာ နော်တင်ဂမ်ဖောရက်စ်အသင်းကို (၁-၀)ဂိုးနဲ့အနိုင်ရပြီး အသင်းသမိုင်းတစ်လျှောက်ပထမဆုံး လိဂ်ဖလားကို ရယူနိုင်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်အတွင်း ပီယာ့စ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာ ဒေါ်နယ်ထရမ့်ကို​ မော်ဂန်က Trump 45 လို့ ရေးထိုးထားတဲ့အာဆင်နယ်အသင်းအင်္ကျီလက်ဆောင်ပေးခဲ့ပြီး ထရမ့်ရဲ့သားက အာဆင်နယ်ပရိသတ်လားလို့မေးခဲ့ရာမှာ သူက "လုံး၀ကို မဟုတ်ပါဘူး။ No ... ၊ ကျွန်တော့်မှာ မန်ယူနိုက်တက်အသင်းကို ပိုင်ဆိုင်တဲ့ သူငယ်ချင်းတစ်ဦးရှိနေပါတယ်"လို့ ဖြေသွားခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းကို ဝယ်ယူခဲ့သူ (ကွယ်လွန်သူ) အမေရိကန်စီးပွားရေးသမား ဂလေဇာနဲ့ ဒေါ်နယ်ထရမ့်တို့အကြား ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်နယ်ထရမ့်ဟာ မန်ယူနိုက်တက်အသင်းကို အားပေးသူဖြစ်နိုင်တယ်လို့့ မီဒီယာတွေက လေသံဖမ်းဒန်းစီးပြီး သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။