မန်ယူနိုက်တက်အသင်းဆီကနေ လျော်ကြေးငွေတစ်ပြားမှမယူဘဲ မိမိထွက်ခွာသွားနိုင်တယ်လို့ နည်းပြအာမိုရင် ဖွင့်ဟ

မနေ့က စပါး(၁-ဝ)မန်ယူနိုက်တက် ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီးမှာ မန်ယူနိုက်တက်အသင်းရဲ့ပေါ်တူဂီလူမျိုးနည်းပြအာမိုရင်က သူဟာအသင်းကို ရလဒ်ကောင်းတွေရယူပေးနိုင်မယ်လို့ အသင်းပိုင်ရှင်တွေနဲ့ ပရိသတ်တွေက ယုံကြည်မှုမရှိရင် လျော်ကြေးငွေတစ်ပြားမှမယူဘဲ မန်ယူနိုက်တက်အသင်းကနေ သူထွက်ခွာသွားနိုင်တယ်လို့ ဖွင်ဟခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ စပါးအသင်းကို ဖိအားပေးကစားနိုင်ခဲ့ပေမယ့် သွင်းဂိုးမသွင်းယူနိုင်ခဲ့တဲ့အတွက် ဒီရာသီကို အဆိုးရွားဆုံးရာသီအဖြစ် အဆုံးသတ်ခဲ့ရပြီဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းရဲ့ဆိုးရွားတဲ့ရလဒ်တွေကြောင့် ပေါ်တူဂီလူမျိုးနည်းပြအာမိုရင်ဟာ ဖိအားအချို့ခံစားနေရပြီး သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေလည်း ရှိလာခဲ့တာပါ။

အာမိုရင်က "ဘုတ်အဖွဲ့နဲ့ ပရိသတ်တွေက ကျွန်တော်ဟာ အသင်းကို ဦးဆောင်ကိုင်တွယ်ဖို့ မှန်ကန်တဲ့သူမဟုတ်ဘူးလို့ ခံစားရရင် လျော်ကြေးငွေနဲ့ ပတ်သက်ပြီး ဘာစကားမှမပြောဘဲ နောက်နေ့ကျရင် ထွက်ခွာသွားမှာပါ။ ဒါပေမယ့် ကျွန်တော်နည်းပြရာထူးကနေ နုတ်ထွက်မှာမဟုတ်ဘူး"လို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာ ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်နိုဝင်ဘာက ဒတ်ချ်လူမျိုးနည်းပြအဲရစ်တန်ဟတ်ရဲ့နေရာမှာ အစားထိုးဝင်ရောက်လာခဲ့တဲ့ နည်းပြအာမိုရင်ဟာ မန်ယူနိုက်တက်အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၂၆)ပွဲကိုင်တွယ်ထားခဲ့ရာမှာ (၆)ပွဲသာအနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။
မန်ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့်(၁၆)နေရာရပ်တည်နေကာ လာမယ့်ရာသီ ဥရောပပြိုင်ပွဲယှဉ်ပြိုင်ခွင့်လည်း ဆုံးရှုံးခဲ့ပြီး နှစ်ပေါင်း(၅၁)နှစ်အတွင်း အဆိုးရွားဆုံးရာသီကို ရင်ဆိုင်ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။