မန်ယူနိုက်တက်အသင်းမှာ ဘရူနိုဖာနန်ဒက်စ်နဲ့ ဂါနာချိုရဲ့အနာဂတ်မရေမရာဖြစ်နေ

ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်နဲ့ အာဂျင်တီးနားတိုက်စစ်ကစားသမား ဂါနာချိုတို့ဟာ နွေရာသီမှာ ထွက်ခွာဖွယ်ရှိတဲ့အလားအလာကို ဖွင့်ဟခဲ့တာကြောင့် မန်ယူနိုက်တက်အသင်းမှာ သူတို့နှစ်ဦးရဲ့အနာဂတ်မရေမရာဖြစ်လာခဲ့ပါတယ်။
မန်ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အရေးနိမ့်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲအတွက်ရမယ့် ဝင်ငွေပေါင်သန်း(၁၀၀)ကို လက်လွှတ်ခဲ့ရတဲ့အတွက် နွေရာသီမှာ ကစားသမားအချို့ကို ရောင်းချပြီး ငွေကြေးရှာဖွေနိုင်တာပါ။

မန်ယူနိုက်တက်အသင်းဟာ အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်ကို အသင်းမှာဆက်ထိန်းသိမ်းချင်တယ်လို့ နည်းပြအာမိုရင်က ပြောထားပေမယ့် ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းက ငွေကြေးအများအပြားနဲ့ ခေါ်ယူဖို့ ချိတ်ဆက်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ စပါးအသင်းကို အရေးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲအပြီးမှာ အသင်းဘက်က ငွေကြေးလိုချင်လို့ သူ့ကိုရောင်းချဖို့ ဆုံးဖြတ်ခဲ့ရင် ထွက်ခွာမယ်လို့ အင်တာဗျူးမှာ ဆိုခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်က "ကလပ်အလိုရှိတဲ့အချိန်ထိ ဆက်ရှိနေမယ်လို့ ကျွန်တော်အမြဲတမ်းပြောခဲ့ပါတယ်။ ကလပ်က ငွေကြေးလိုချင်လို့ ဒါမှမဟုတ် တစ်ခုခုလုပ်ချင်လို့ ရောင်းချမယ်ဆိုရင် လမ်းခွဲဖို့ အချိန်ရောက်လာမှာပါ။ ဘောလုံးဆိုတာ တစ်ခါတလေ ဒီလိုပါပဲ"လို့ ဆိုခဲ့တာပါ။
စပါးအသင်းနဲ့ ဗိုလ်လုပွဲမှာ မိနစ်အနည်းငယ်ပဲ ကစားရလို့ စိတ်ပျက်နေတဲ့ ဂါနာချိုကလည်း သူဟာ မန်ယူနိုက်တက်အသင်းကနေ ထွက်ခွာဖွယ်ရှိတယ်လို့ အရိပ်အမြွက်ဆိုခဲ့ပါတယ်။ ဂါနာချိုကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလက နာပိုလီအသင်းက ကမ်းလှမ်းမှုပြုလုပ်ခဲ့သလို ချယ်လ်ဆီးအသင်းကလည်း စိတ်ဝင်စားခဲ့တာပါ။ မန်ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီမှာ ဥရောပဘောလုံးပြိုင်ပွဲယှဉ်ပြိုင်ကစားရမှာမဟုတ်လို့ အဓိက ကစားသမားအချို့ကို လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ဆုံးရှုံးရဖွယ်ရှိနေပါတယ်။