မန်ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က သူ့အပေါ်အသင်းခေါင်းဆောင်ဟောင်းရွိုင်ကင်းရဲ့ပြင်းထန်တဲ့ ဝေဖန်မှတ်ချက်တွေက လက်တွေ့နဲ့ ကိုက်ညီမှုမရှိဘူးဆိုတာကို သက်သေပြနေပါတယ်။

မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် မန်ယူနိုက်တက်(၁-၁)အာဆင်နယ်ပွဲမှာ ဘရူနိုဖာနန်ဒက်စ်က ဖရီးကစ်ကနေ တစ်ဂိုးသွင်းပြီးအသင်းအတွက် ဦးဆောင်ဂိုးကို ရယူပေးခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်အနေနဲ့ အဲဗာတန်နဲ့ (၂-၂)ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း အခုလိုပဲ လှပတဲ့ဖရီးကစ်တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး သူ့အနေနဲ့ နောက်ဆုံးပရီးမီးယားလိဂ်(၃)ပွဲအတွင်းမှာ ဖရီးကစ်ကနေ အသင်းအတွက် အရေးပါတဲ့ဂိုး(၂)ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဘရုနိုဖာနန်ဒက်စ် ဖရီးကစ်ကနေ တိုက်ရိုက်သွင်းယူခဲ့တဲ့ မန်ယူနိုက်တက်အသင်း ဦးဆောင်ဂိုး

ဘရူနိုဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဖရီးကစ်(၃)ဂိုးသာ သွင်းယူထားနိုင်ပြီး သူ့ရဲ့ဖရီးကစ်(၃)ဂိုးထဲက နောက်ဆုံး(၂)ဂိုးကို နောက်ဆုံးပရီးမီးယားလိဂ်(၃)ပွဲမှာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့ အဲဗာတန်(၂-၂)မန်ယူနိုက်တက်ပွဲ ရှေ့မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ(၁၈၃)ပွဲမှာမှ ဖရီးကစ်တစ်ကြိမ်သာသွင်းယူနိုင်ခဲ့တာပါ။

မန်ယူနိုက်တက်အသင်းနောက်ဆုံးကစားခဲ့တဲ့ ပြည်တွင်းပွဲစဉ်(၄)ပွဲစလုံးမှာ မန်ယူနိုက်တက်အသင်း သွင်းယူခဲ့တဲ့ ဂိုး(၆)ဂိုးစလုံးက ဘရူနိုဖာနန်ဒက်စ်ဆီက မြစ်ဖျားခံခဲ့တာဖြစ်ပြီး ဒီဂိုး(၆)ဂိုးထဲမှာ သူကိုယ်တိုင် ဖရီးကစ်ကနေ (၂)ဂိုးသွင်းပေးခဲ့ပါတယ်။

ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ဂိုးပါဝင်ပတ်သက်မှုက (၂၅)ကြိမ်အထိ(၁၂ ဂိုးသွင်း+၁၃ ဂိုးဖန်တီး)ရှိလာခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ နောက်ဆုံး(၃)ရာသီဆက်တိုက် အသင်းအတွက် ပရီးမီးယားလိဂ် ဂိုး (၂၅)ဂိုးနဲ့အထက် ပါဝင်ပတ်သက်တာဖြစ်ပြီး ဒီလိုစွမ်းဆောင်နိုင်တာ ဒီပြိုင်ပွဲမှာ လီဗာပူးလ်တိုက်စစ်မှူးဆာလာနဲ့ မန်စီးတီးတိုက်စစ်မှူး ဟာလန်းတို့ နှစ်ဦးသာရှိပါတယ်။