မန်ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီအတွက် တစ်ရာသီစာလက်မှတ်ဈေးနှုန်းတိုးမယ်လို့ အတည်ပြုခဲ့ပြီးနောက် မန်ယူနိုက်တက်အသင်းပရိသတ်တွေက သူတို့ရဲ့ဒေါသကို ဆိုရှယ်မီဒီယာပေါ်မှာ ဖော်ပြခဲ့ကြပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ၂၀၂၅-၂၆ ရာသီအတွက် တစ်ရာသီစာလက်မှတ်ဈေးနှုန်းတွေကို (၅)% တိုးမယ်လို့ တနင်္လာနေ့က အတည်ပြုခဲ့ပြီး ဒါဟာ (၃)ရာသီဆက်တိုက် လက်မှတ်ဈေးနှုန်းတိုးမြှင့်ခဲ့တာပါ။

မန်ယူနိုက်တက်အသင်းဟာ ပေါင်(၂)ဘီလီယံတန်ကြေးရှိတဲ့ ကွင်းသစ်တည်ဆောက်မယ်လို့ ကြေညာခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ တစ်ရာသီစာလက်မှတ်ဈေးနှုန်းတွေကို တိုးလာခဲ့တာဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းပရိသတ်တွေဟာ ကလပ်အသင်းရလဒ်ဆိုးတွေ ကြုံတွေ့နေရချိန်မှာ လက်မှတ်ဈေးနှုန်းတိုးခဲ့တဲ့အပေါ် ပိုင်ရှင်တွေကို ဒေါသထွက်နေခဲ့ကြတာပါ။

ပရိသတ်တစ်ဦးက "တစ်ရာသီစာ လက်မှတ်ဈေးနှုန်းတွေကို (၅)% တိုးခဲ့ပြီး ပိုင်ရှင်တွေက ကပ်ပါးကောင်တွေပါ"လို့ ရေးသားခဲ့ပါတယ်။ နောက်တစ်ဦးက "အဆင့်(၁၃)မှာ ထိုင်နေရင်းနဲ့ လက်မှတ်ဈေးနှုန်းတွေကို တိုးနေတာလား"လို ရေးသားခဲ့ပြီး နောက်ထပ်တစ်ဦးက "ရှက်ဖို့ကောင်းပါတယ်။ နှစ်ပေါင်း(၅၀)အတွင်း အဆိုးရွားဆုံးရာသီဖြစ်နေတာတောင် လက်မှတ်ဈေးနှုန်းတွေကို တိုးဖို့လုပ်နေပါတယ်။ ဆိုးရွားတဲ့ ပိုင်ရှင်တွေရဲ့ဆုံးဖြတ်ချက်တွေ"လို့ သူတို့ရဲ့ဆိုရှယ်မီဒီယာတွေပေါ်မှာ ရေးသားခဲ့ကြပါတယ်။

မန်ယူနိုက်တက်အသင်းပရိသတ်တွေဟာ ပြီးခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင်က လက်မှတ်ဈေးနှုန်းတိုးမြှင့်တာအပါအဝင် ကလပ်အသင်းပိုင်ရှင်တွေကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို ပြုလုပ်ခဲ့ကြတာပါ။ မန်ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ဘဏ္ဍာရေးအခက်အခဲတွေကြောင့် ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်ဟာ ဝန်ထမ်းအများအပြားကို လျှော့ချတာအပါအဝင် ကလပ်အသင်းရဲ့အသုံးစရိတ်တွေကို ကန့်သတ်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။