ရုပ်သံဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ဂယ်ရီနဗီးလ်က အသင်းဟောင်း မန်ယူနိုက်တက်အသင်းအတွက် ကစားပေးဖို့လုံလောက်မှုမရှိတဲ့ ကစားသမား(၅)ဦးရဲ့နာမည်ကို ပြောခဲ့ပြီး လာမယ့်နွေရာသီမှာ သူတို့ရဲ့နေရာအစားထိုးဖို့ အကြံပေးခဲ့ပါတယ်။
မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့မန်စီးတီးအသင်းနဲ့ (ဝ-ဝ)ဂိုးနဲ့သရေကျခဲ့တဲ့ မန်ချက်စတာဒါဘီအိမ်ကွင်းပွဲစဉ်မှာ ဂိုးပေါက်တည့်မှု(၂)ကြိမ်သာရှိခဲ့ပြီး ဂယ်ရီနဗီးလ်က သူ့ရဲ့အသင်းဟောင်းစွမ်းဆောင်ရည်ကို Sky Sports ကနေ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တာပါ။
ဒါ့အပြင် ဂယ်ရီနဗီးလ်က လက်ရှိမန်ယူနိုက်တက်အသင်းမှာ ကစားနေတဲ့ ကစားသမား(၅)ဦးဟာ နည်းပြအာမိုရင်ရဲ့ကစားပုံစံစတိုင်နဲ့ ကိုက်ညီမှုမရှိတဲ့အတွက် အစားထိုးဖို့ပါ အရေးဆိုသွားခဲ့ပါတယ်။ ဂယ်ရီနဗီးလ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလကမှ လက်ချီအသင်းကပြောင်းရွှေ့လာခဲ့တဲ့ ဘယ်နောက်ခံလူ ဒေါဂူအပါအဝင် တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဟွိုက်လန်း၊ ဇက်ခ်ဇီ၊ ဂါနာချိုနဲ့ နောက်ခံလူ ဒါလော့တို့ကို ရောင်းချဖို့ မန်ယူနိုက်တက်အသင်းကို အကြံပြုခဲ့တာပါ။
ဂါနာချို၊ ဟွိုက်လန်းနဲ့ ဇက်ခ်ဇီတို့ဟာ ဒီရာသီပရီးမီးယားလိဂ်စုစုပေါင်း(၈၅)ပွဲမှာ (၁၀)ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ ဒါလော့ကတော့ မကြာခဏဆိုသလို မန်ယူနိုက်တက်အသင်းပရိသတ်တွေရဲ့ဝေဖန်မှုတွေကို ခံနေရတဲ့သူပါ။ မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ပရီးမီးယားလိဂ်(၂)ပွဲစလုံးသွင်းဂိုးပျောက်ဆုံးနေခဲ့ပြီး နည်းပြအာမိုရင်က အဆုံးသတ်ပိုင်းပိုပြီးကောင်းမွန်အောင်လုပ်ဖို့ ကစားသမားတွေကို သတိပေးထားပါတယ်။
နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၉)ပွဲမှာ (၂)ပွဲသာအရေးနိမ့်ထားတဲ့ မန်ယူနိုက်တက်အသင်းဟာ လာမယ့်ကြားရက်ထဲမှာ လိုင်ယွန်အသင်းနဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်(ပထမအကျော့)ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Discussion