မနေ့က လက်စတာ(၀-၃)မန်ယူနိုက်တက် ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူနိုက်တက်အသင်းအတွက် ပထမဆုံးပရီးမီးယားလိဂ်ပွဲစတင်တဲ့လူစာရင်းမှာ ပါဝင်ခွင့်ရခဲ့တဲ့ နောက်ခံလူ ဟီဗန်ဟာ ဒဏ်ရာရရှိခဲ့တာကြောင့် ကွင်းထဲကနေ ထမ်းစင်နဲ့ ထွက်ခွာခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလက အာဆင်နယ်အသင်းကနေ ပေါင်(၁)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဟီဗန်ဟာ ဒီပွဲစဉ်ရဲ့ဒုတိယပိုင်းအစမှာ ဒဏ်ရာရရှိခဲ့တဲ့အတွက် နှစ်သင်းစလုံးဆေးအဖွဲ့ဝင်တွေက သူ့ကို (၅)မိနစ်ကြာ ဆေးကုသမှုတွေပြုလုပ်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့ ဆိုစီဒက်အသင်းနဲ့ ယူရိုပါလိဂ် Round of 16 ဒုတိယအကျော့ပွဲစဉ်မှာ မန်ယူနိုက်တက်အသင်းရဲ့ပွဲထွက်လူစာရင်းထဲ ပထမဆုံးအကြိမ်ပါဝင်ခွင့်ရခဲ့တဲ့ ဟီဗန်ဟာ လက်စတာအသင်းနဲ့ ပွဲစဉ်မှာလည်း ပွဲထွက်လူစာရင်းထဲ ဆက်ပြီးပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဟီဗန် ဒဏ်ရာရရှိခဲ့တာက ခံစစ်ဒဏ်ရာအကျပ်အတည်း‌‌တွေနဲ့ ရင်ဆိုင်နေရတဲ့ မန်ယူနိုက်တက်အသင်းနည်းပြ အာမိုရင်အတွက် စိုးရိမ်စရာရှိခဲ့တာပါ။

မန်ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ခံစစ်ကစားသမားတွေဖြစ်တဲ့ ယိုရို၊အီဗန်စ်၊မက်ဂွဲယားနဲ့ လုပ်ခ်ရှောတို့ကို အနားပေးထားရပြီး လီဆန်ဒရိုမာတီနက်ဇ်ကိုတော့ ကာလရှည်ကြာလက်လွှတ်ရမှာဖြစ်ပါတယ်။ ဟီဗန်ဟာ လက်စတာအသင်းနဲ့ ပွဲစဉ်မှာ ပြိုင်ဘက်တိုက်စစ်ကစားသမားတွေ ကျော်ဖြတ်လို့မရအောင် အကောင်းဆုံးဟန့်တားမှုတွေပြုလုပ်ပြီး မန်ယူနိုက်တက်အသင်းပရိသတ်‌တွေက သူ့ရဲ့စွမ်းဆောင်ရည်ကို နှစ်သက်နေတာပါ။

မန်ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က ဟီဗန်ရဲ့ဒဏ်ရာအခြေအနေကို ဒီရက်သတ္တပတ်ထဲမှာ စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ပွဲအပြီးမီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာ ဆိုခဲ့တာဖြစ်ပါတယ်။