ဆားဘီးယားကွင်းလယ်လူမာတစ်က သူ့ရဲ့အသင်းဟောင်း မန်ယူနိုက်တက်အသင်းဟာ ဆုဖလားတွေရယူဖို့ အာရုံမစိုက်ဘဲ စီးပွားရေးကိုပိုပြီးစိတ်ဝင်စားတယ်လို့ The Athletic နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထိုးနှက်ဝေဖန်ခဲ့ပါတယ်။

လိုင်ယွန်အသင်းမှာ ကစားနေတဲ့ အသက်(၃၆)နှစ်အရွယ်ရှိ မာတစ်ဟာ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်မှာ မန်ယူနိုက်တက်အသင်းနဲ့မတွေ့ဆုံမီ သူ့ရဲ့အသင်းဟောင်းနှစ်သင်းဖြစ်တဲ့ ချယ်လ်ဆီးနဲ့ မန်ယူနိုက်တက်အသင်းတို့ကြား ခြားနားမှုနဲ့ပတ်သက်ပြီး ဖွင့်ဟခဲ့တာပါ။

မာတစ်ဟာ ချယ်လ်ဆီးအသင်းကနေ ပေါင်သန်း(၄၀)နဲ့ ပြောင်းရွှေ့လာပြီးနောက် မန်ယူနိုက်တက်အသင်းမှာ ၂၀၁၇ ကနေ ၂၀၂၂ ခုနှစ်အထိ ပွဲပေါင်း(၁၈၉)ပွဲပါဝင်ကစားခဲ့ပေမယ့် ဆုဖလားရယူနိုင်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။

မာတစ်ဟာ ချယ်လ်ဆီးအသင်းမှာ ပရီးမီးယားလိဂ်ဖလား(၂)ကြိမ်၊ FA ဖလားနဲ့ ကာရာဘောင်းလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့ပြီး နည်းပြဟောင်းမော်ရင်ဟိုနဲ့ ပြန်လည်လက်တွဲဖို့ မန်ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့လာခဲ့တာပါ။ မာတစ်ဟာ မန်ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးတဲ့ ၂၀၂၂ ခုနှစ်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရိုးမားအသင်းထံ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

မာတစ်က "ချယ်လ်ဆီးမှာ ကျွန်တော်ခံစားရတဲ့ ကွာခြားချက်မှာ အရာအားလုံးက ရလဒ်နဲ့ ဆုဖလားတွေအကြောင်းပါပဲ။ ချယ်လ်ဆီးပိုင်ရှင် ရိုမန်က ရလဒ်တွေအကြောင်းပဲ ကျွန်တော်တို့ကို မေးပါတယ်။ မန်ယူနိုက်တက်က စီးပွားရေးကို ပိုစိတ်ဝင်စားပါတယ်။ ရလဒ်တွေကို ချယ်လ်ဆီးမှာလို အာရုံစိုက်မှုမရှိဘူးလို့ ခံစားခဲ့ရပါတယ်။ ချယ်လ်ဆီးမှာ ရခဲ့သလို ဆုဖလားတွေကို ရယူနိုင်ဖို့ မန်ယူနိုက်တက်ကို ဆန္ဒပြင်းပြမှုတွေနဲ့ ရောက်လာခဲ့ပေမယ့် ဒီအသင်းက ဆုဖလားတွေကို အာရုံမစိုက်ဘူးဆိုတာ ခံစားလာခဲ့ရပါတယ်"လို့ ဆိုခဲ့ပါတယ်။

မာတစ်ကစားခဲ့တဲ့အချိန်အတွင်း မန်ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာ အမြင့်ဆုံးအဖြစ် အဆင့်(၂)နေရာရပ်တည်ခဲ့ပြီး ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်အဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိတာပါ။ မာတစ်ဟာ ဒီရာသီမှာလိုင်ယွန်အသင်းအတွက် ပြိုင်ပွဲစုံ(၃၁)ပွဲပါဝင်ကစားထားပြီး (၁)ဂိုးသွင်းယူထားပါတယ်။