မန်ယူနိုက်တက်နဲ့ အာဆင်နယ်ပစ်မှတ် ယောကရက်စ်ကို စပို့တင်းလစ္စဘွန်းဈေးလျှော့ပြီးရောင်းချဖို့ဆန္ဒရှိနေ

ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းဟာ မန်ယူနိုက်တက်နဲ့အာဆင်နယ်အသင်းပစ်မှတ်ဖြစ်တဲ့ ဆွီဒင်တိုက်စစ်မှူးယောကရက်စ်ကို ဈေးလျှော့ပြီးရောင်းချဖို့ ဆန္ဒရှိနေပါတယ်။

ဒီရာသီမှာ စပို့တင်းလစ္စဘွန်းအသင်းအတွက် ပြိုင်ပွဲစုံ(၄၃)ပွဲပါဝင်ကစားထားပြီး (၄၃)ဂိုးသွင်းယူထားတဲ့ ယောကရက်စ်ဟာ နွေရာသီမှာ ထွက်ခွာဖို့ရည်ရွယ်ထားပြီး ဥရောပထိပ်သီးကလပ်တွေက သူ့ကိုခေါ်ယူဖို့ စောင့်ကြည့်မှုတွေပြုလုပ်နေတာပါ။

အသက်(၂၆)နှစ်အရွယ်ရှိ ယောကရက်စ်နဲ့ စပို့တင်းလစ္စဘွန်းအသင်းတို့ရဲ့စာချုပ်ဟာ ၂၀၂၈ ခုနှစ်နွေရာသီအထိရှိနေပြီး ဒီစာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး(Release Clause) ပေါင်(၈၅)သန်းပါဝင်နေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေမှာ ယောကရက်စ်ဟာ ပရီးမီးယားလိဂ်မှာကစားဖို့ စိတ်ဝင်စားနေတယ်လို့ ဖော်ပြထားတာပါ။ ယောကရက်စ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလကတည်းက ဥရောပထိပ်တန်းကလပ်တွေရဲ့ချိတ်ဆက်မှုတွေကို ရရှိခဲ့ပေမယ့် စပို့တင်းလစ္စဘွန်းအသင်းမှာပဲ ဆက်နေဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် စပို့တင်းလစ္စဘွန်းအသင်းဟာ ယောကရက်စ်ကို နွေရာသီမှာ ထွက်ခွာခွင့်ပေးဖို့ ဆန္ဒရှိနေတာပါ။ စပို့တင်းလစ္စဘွန်းအသင်းဟာ ယောကရက်စ်ကို ကျေးဇူးတင်တဲ့အနေနဲ့ ပြောင်းရွှေ့ကြေး ပေါင်(၅၅)သန်းနဲ့ ပေါင်သန်း(၇၀)ကြား ကမ်းလှမ်းမှုရရင် ထွက်ခွာခွင့်ပေးဖို့ အသင့်ရှိတယ်လို့ The Sun က ဖော်ပြထားတာဖြစ်ပါတယ်။

စပို့တင်းလစ္စဘွန်းအသင်းဟာ ဒီရာသီပေါ်တူဂီလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့်(၂)နေရာက ဘင်ဖီကာအသင်းနဲ့ ရမှတ်တူနေပြီး ဂိုးကွာခြားချက်ကြောင့် အဆင့်(၁)နေရာမှာ ရပ်တည်နေတာပါ။ ယောကရက်စ်ဟာ စပို့တင်းလစ္စဘွန်းအသင်းကို ဒီရာသီပေါ်တူဂီလိဂ်ဖလားရယူပေးပြီးမှ ထွက်ခွာချင်နေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကစားချင်တဲ့ဆန္ဒကြောင့် မန်ယူနိုက်တက်အသင်းထက် အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။