မတ်လအတွက်ပရီးမီးယားလိဂ်အကောင်းဆုံးတွေကို ဆွတ်ခူးခဲ့ကြတဲ့နူနိုဆန်တိုနဲ့ဘရူနိုဖာနန်ဒက်စ်
ပြီးခဲ့တဲ့မတ်လအတွက်ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆု(Premier League Manager of the Month)နဲ့ ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားဆု (Premier League Player of the Month)တွေကို ချီးမြှင့်ခဲ့ရာမှာ နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့ပေါ်တူဂီလူမျိုးနည်းပြနူနိုဆန်တိုနဲ့ မန်ယူနိုက်တက်အသင်းရဲ့ ပေါ်တူဂီကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်တို့က ဆွတ်ခူးရရှိခဲ့ပါတယ်။
နူနိုဆန်တိုဟာ သူ့ရဲ့နည်းပြဘ၀မှာ ဒီဆုကို(၇)ကြိမ်မြောက် ဆွတ်ခူးခဲ့တာဖြစ်ပြီး ဒီရာသီအတွင်းမှာ (၃)ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
နူနိုဆန်တိုအနေနဲ့ လက်ရှိပရီးမီးယားလိဂ်နည်းပြတွေထဲမှာ (၁၁)ကြိမ်စီ ရယူဆွတ်ခူးထားကြတဲ့ မန်စီးတီးနည်းပြဂွါဒီယိုလာနဲ့ အဲဗာတန်နည်းပြဒေးဗစ်မွိုက်စ်တို့နောက် ဒီဆုကို အကြိမ်အများဆုံးရရှိသူအဖြစ်(အာဆင်နယ်အသင်းနည်းပြအာတီတာနဲ့ ပူးတွဲ) ရပ်တည်နေပါတယ်။
နူနိုဆန်တိုရဲ့ဖောရက်စ်အသင်းဟာ မတ်လအတွင်းကစားခဲ့တဲ့ မန်စီးတီး၊ အစ်ဝစ်ချ်အသင်းတို့နဲ့ပွဲတွေမှာ ရလဒ်ကောင်းတွေရယူနိုင်ခဲ့တာကြောင့် ဒီဆုကို ရရှိခဲ့တာပါ။
မန်ယူနိုက်တက်လယ်လူဘရူနိုဖာနန်ဒက်စ်ဟာ သူ့ရဲ့ကစားသမားဘ၀တစ်လျှောက် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကို(၅)ကြိမ်မြောက်ဆွတ်ခူးရရှိတာဖြစ်ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ မတ်လအတွင်း အာဆင်နယ်၊ လက်စတာအသင်းတို့နဲ့ ပွဲတွေမှာ ဂိုးတွေသွင်းယူခဲ့ပြီး အသင်းရလဒ်ကောင်းတွေရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် ဒီဆုကို ရခဲ့တာပါ။
ဘရူနိုဖာနန်ဒက်စ်ဟာ ဒီဆုကို (၅)ကြိမ်နဲ့အထက်ရရှိတဲ့ကစားသမားစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။
ဒီဆုကို (၅)ကြိမ်နဲ့အထက် ဆွတ်ခူးထားတဲ့ကစားသမားတွေက အဂွဲရိုး၊ ဟာရီကိန်း၊ ဆာလာ(၇ ကြိမ်)၊ ဂျရတ်၊ စီရော်နယ်ဒို(၆ ကြိမ်)၊ ရွန်နီ၊ ဗန်ပါစီ၊ ဘရူနိုဖာနန်ဒက်စ်(၅ ကြိမ်)တို့ ဖြစ်ပြီး လက်ရှိပရီးမီးယားလိဂ်ကစားသမားတွေထဲမှာ ဘရူနိုဖာနန်ဒက်စ်ထက် ဒီဆုကို ပိုမိုရယူနိုင်သူက လီဗာပူးလ်တိုက်စစ်မှူးဆာလာတစ်ဦးတည်းသာ ရှိပါတယ်။