စင်ကာပူနိုင်ငံ၏ မထိန်းနိုင်အောင် မြင့်တက်လာသော နေထိုင်မှုစရိတ်များကြောင့် မြန်မာနိုင်ငံသားများမှာ ဝင်ငွေနှင့်ထွက်ငွေ မျှတရန် ရုန်းကန်နေရပြီး၊ ယခင်ကဲ့သို့ ပိုက်ဆံစုဆောင်းရန်နှင့် မိသားစုထံ ပြန်လည်ထောက်ပံ့ရန် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရကြောင်း စုံစမ်းသိရှိရသည်။

လွန်ခဲ့သည့် ၃ နှစ်အတွင်း စင်ကာပူနိုင်ငံ၏ အိမ်ငှားခဈေးနှုန်းများသည် ၅၀ ရာခိုင်နှုန်းအထိ ခုန်တက်သွားခဲ့ပြီး၊ ထိုဒဏ်ကို အခြေခံနှင့် အလယ်အလတ်တန်းစား ဝင်ငွေရှိသော မြန်မာအလုပ်သမားများက အဓိကခံစားနေရသည်။

"လစာကတော့ နည်းနည်းတက်လာပါတယ်။ ဒါပေမဲ့ အိမ်လခက အရင်က S$600 ပေးရတဲ့အခန်းက အခု S$900 ဖြစ်သွားတယ်။ တစ်လကို S$300 ပိုကုန်သွားတော့ စုငွေထဲက ပြန်စိုက်နေရသလိုပဲ။ အိမ်ကိုတောင် ပိုက်ဆံပုံမှန်မပို့နိုင်တော့တဲ့လတွေ ရှိတယ်" ဟု စင်ကာပူနိုင်ငံ၊ Woodlands မြို့နယ်တွင် နေထိုင်အလုပ်လုပ်ကိုင်နေသည့် အသက် ၃၀ အရွယ် ကိုအောင်က Akhayar ကို ပြောသည်။

စင်ကာပူသည် ကမ္ဘာ့နေထိုင်မှုစရိတ် အကြီးမြင့်ဆုံးမြို့များစာရင်းတွင် ထိပ်ဆုံးမှ ပါဝင်လေ့ရှိပြီး၊ အစားအသောက်၊ သယ်ယူပို့ဆောင်ရေးနှင့် အထွေထွေကုန်ကျစရိတ်များမှာလည်း နှစ်စဉ်မြင့်တက်လျက်ရှိသည်။

"အရင်ကဆို တစ်နေ့စားစရိတ် S$15 လောက်နဲ့ လုံလောက်တယ်။ အခုက S$20-25 မရှိရင် အဆင်မပြေတော့ဘူး။ MRT ကတ်ဖိုးကလည်း တက်တယ်။ အားလုံးဈေးတက်နေတော့ ကိုယ်တွေလို လခစားဝန်ထမ်းတွေအတွက် အရမ်းကျပ်တည်းတယ်" ဟု Jurong East ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်နေသည့် မသီတာက ဆိုသည်။

စင်ကာပူတွင် အလုပ်လုပ်ကိုင်နေသူအများစုသည် HDB (အစိုးရတိုက်ခန်း) များတွင် အခန်းတစ်ခန်း သို့မဟုတ် အိပ်ရာတစ်နေရာကို မျှဝေငှားရမ်းနေထိုင်ကြရသည်။ အိမ်ခြံမြေဝက်ဘ်ဆိုက်များ၏ အချက်အလက်များအရ၊ HDB တိုက်ခန်းတစ်ခန်းအတွင်းရှိ Master Bedroom တစ်ခန်း၏ ငှားရမ်းခမှာ လစဉ် စင်ကာပူဒေါ်လာ ၁၂၀၀ မှ ၁၅၀၀ အထိရှိပြီး၊ သာမန်အခန်းတစ်ခန်းမှာပင် ဒေါ်လာ ၈၀၀ မှ ၁၀၀၀ အထိ ပေါက်ဈေးရှိနေသည်။

ဤသို့ အိမ်ငှားခဈေးများ မြင့်တက်လာခြင်း၏ အဓိကအကြောင်းရင်းတစ်ခုမှာ နိုင်ငံသားများအတွက် ရည်ရွယ်ဆောက်လုပ်နေသော BTO (Build-To-Order) တိုက်ခန်းစီမံကိန်းများ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း နောက်ကျခဲ့ခြင်းကြောင့် အငှားဈေးကွက်တွင် ဝယ်လိုအားများလာခြင်းဖြစ်သည်ဟု သိရသည်။

"ကျွန်တော်တို့လို နိုင်ငံခြားသားတွေအတွက်ကတော့ အိမ်ငှားနေရုံကလွဲပြီး တခြားရွေးချယ်စရာမရှိဘူး။ အိမ်ရှင်က ဈေးတက်တောင်းရင်လည်း ပေးရတာပဲ။ မပေးနိုင်ရင် နောက်တစ်နေရာ အမြန်ရှာရတယ်။ နေရာတိုင်းက ဈေးအတူတူလောက်ပဲဖြစ်နေတော့ ရွှေ့လည်း မထူးဘူး" ဟု စင်ကာပူသို့ ရောက်ရှိသည်မှာ တစ်နှစ်ခန့်သာရှိသေးသော အသက် ၂၅ နှစ်အရွယ် ကိုဇော်ဇော်က သူ၏အတွေ့အကြုံကို ပြောပြသည်။

ထိုသို့သော အခြေအနေများကြောင့် စင်ကာပူရောက် မြန်မာအလုပ်သမားအများအပြားမှာ အသုံးစရိတ်လျှော့ချနိုင်ရန် နည်းလမ်းမျိုးစုံသုံးနေကြရသည်။ နေ့လယ်စာကို အပြင်တွင်မစားဘဲ ထမင်းချိုင့်ထည့်သွားခြင်း၊ အားလပ်ရက်များတွင် အပြင်မထွက်ဘဲ အိမ်မှာသာ အနားယူခြင်း၊ အချိန်ပိုအလုပ်များ ပိုမိုလုပ်ကိုင်ခြင်းတို့ဖြင့် ဝင်ငွေတိုးရန်နှင့် အသုံးစရိတ်လျှော့ချရန် ကြိုးပမ်းနေကြရသည်။

"ဒီမှာနေရတာ လွယ်တယ်တော့ ဘယ်ဟုတ်မလဲ။ ဒါပေမဲ့ မြန်မာပြည်က မိသားစုအတွက်ဆိုတော့လည်း ကြိတ်မှိတ်သည်းခံပြီး ရုန်းကန်နေရတာပေါ့။ မျှော်လင့်တာကတော့ နေထိုင်မှုစရိတ်တွေ နည်းနည်းပြန်ကျလာဖို့ပါပဲ" ဟု ကိုအောင်က ဆက်ပြောသည်။

စင်ကာပူအစိုးရက နေထိုင်မှုစရိတ်ကြီးမြင့်မှုကို ထိန်းချုပ်ရန် ကြိုးပမ်းနေသော်လည်း၊ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှု၏ ရိုက်ခတ်မှုများကြောင့် အခြေခံလူတန်းစားနှင့် အဝေးရောက်အလုပ်သမားများ၏ ဘဝအပေါ် ဖိအားများမှာ လတ်တလောတွင် လျော့ကျသွားမည့် လက္ခဏာမရှိသေးကြောင်း စီးပွားရေးသုံးသပ်သူများက ဆိုသည်။