လီဗာပူးလ်(၁-၂)နယူးကာဆယ် (ကာရာဘောင်းလိဂ်ဖလားဗိုလ်လုပွဲ)

ဖေဖော်ဝါရီ(၉)ရက်နေ့မတိုင်ခင် ဖလား(၄)လုံးမျှော်လင့်ချက်ရှိခဲ့တဲ့ လီဗာပူးလ်အသင်းက ရက်သတ္တပတ်(၅)ပတ်အတွင်း FA ဖလား၊ ချန်ပီယံလိဂ်၊ လိဂ်ဖလားမျှော်လင့်ချက်တွေ တစ်ခုပြီးတစ်ခု စွန့်လွှတ်ခဲ့ရပြီး ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားတစ်လုံးတည်းနဲ့ စခန်းသိမ်းရတော့မယ့် အခြေအနေကို ရောက်သွားခဲ့ပါတယ်။

ကာရာဘောင်းလိဂ်ဖလားဗိုလ်လုပွဲမတိုင်မီ လီဗာပူးလ်အသင်းက ချန်ပီယံဆုအတွက် နယူးကာဆယ်ထက်များစွာရေပန်းစားခဲ့ပေမယ့် တကယ့်လက်တွေ့မှာတော့ နယူးကာဆယ်အသင်းက လီဗာပူးလ်ထက် ပိုမိုသာလွန်တဲ့ခြေစွမ်း၊ ဂိုးအခွင့်အရေးတွေနဲ့အတူ ထိုက်ထိုက်တန်တန် ဗိုလ်စွဲသွားခဲ့တာပါ။

ပထမပိုင်းမှာ နယူးကာဆယ်က ဂိုးကန်သွင်းမှု(၉)ကြိမ်အထိရှိခဲ့ပေမယ့် လီဗာပူးလ်က (၁)ကြိမ်ပဲရှိတဲ့အထိ လက်ရှိချန်ပီယံအသင်းက အခြေအနေဆိုးခဲ့ပါတယ်။ ပွဲချိန်(၄၅)မိနစ်မှာ နယူးကာဆယ်နောက်ခံလူဒန်ဘန်းက ခေါင်းတိုက်ပြီး ဦးဆောင်ဂိုးရယူခဲ့ပါတယ်။ နယူးကာဆယ်တိုက်စစ်မှူးအစ်ဆက်ရဲ့သွင်းဂိုးတစ်ဂိုးကို အငြင်းပွားဖွယ် VAR ဆုံးဖြတ်ချက်နဲ့ ဒိုင်တွေကပယ်ချပြီး နောက်တစ်မိနစ်လောက်(ပွဲချိန် ၅၃ မိနစ်)မှာပဲ အစ်ဆက်က လျှပ်တစ်ပြက်ကန်ချက်နဲ့ ဒုတိယဂိုးရယူခဲ့ပါတယ်။

လီဗာပူးလ်အတွက် လူစားဝင်တိုက်စစ်မှူးချီယေဆာက လူကျွံမကျွံအငြင်းပွားဖွယ်အနေအထားကနေ ပွဲချိန်(၉၀+၄)မိနစ်မှာ ချေပဂိုးတစ်ဂိုးသွင်းယူခဲ့ပြီး လက်ကျန်ပွဲချိန်(၄)မိနစ်မှာ ဒုတိယချေပဂိုးရဖို့ လီဗာပူးလ်အသည်းအသန်ကြိုးစားခဲ့ပေမယ့် ဆေးမမီတော့ဘဲ (၁-၂)ရလဒ်နဲ့ လက်ရှိချန်ပီယံဆုဖလားကို လက်လွှတ်လိုက်ရပါတယ်။

နယူးကာဆယ်အသင်းဟာ ၁၉၅၅ ခုနှစ်က FA ဖလားရပြီးနောက်ပိုင်း ဖလားတစ်လုံးမှ မရတာကို ဒီနှစ်မှာ (တစ်နည်းပြောရရင်) နှစ်ပေါင်း(၇၀)အကြာမှာ အဆုံးသတ်နိုင်ခဲ့ပြီး လိဂ်ဖလားချန်ပီယံဆုကိုလည်း အသင်းသမိုင်းတစ်လျှောက်မှာ ပထမဆုံး ရယူနိုင်ခဲ့တာဖြစ်ပါတယ်။