နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပေမယ့် တမလွန်က ညီငယ်ကို မမေ့လျော့ကြောင်းပြခဲ့တဲ့ ဂရီးလစ်ရှ်

မန်စီးတီးအသင်းရဲ့အင်္ဂလန်ကွင်းလယ်လူဂရီးလစ်ရှ်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရက်ပေါင်း(၄၇၃)ရက်ကြာ ဂိုးပေါက်ပျောက်ဆုံးနေမှုကို မနေ့က ကစားခဲ့တဲ့မန်စီးတီး(၂-၀)လက်စတာပွဲမှာ ရပ်တန့်နိုင်ခဲ့ပါတယ်။

ဒီပွဲရဲ့ ပွဲချိန်(၁)မိနစ်(၄၉)စက္ကန့်မှာပဲ ဂရီးလစ်ရှ်ဟာအဖွင့်ဂိုးသွင်းပြီး အသင်းနိုင်ပွဲရအောင် ကူညီပေးနိုင်ခဲ့တာပါ။

ဂရီးလစ်ရှ်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂၀၂၃၊ ဒီဇင်ဘာ(၁၆)ရက်နေ့က ကစားခဲ့တဲ့ မန်စီးတီး(၂-၂)ခရစ္စတယ်ပဲလေ့စ်ပွဲမှာ ဂိုးသွင်းခဲ့ပြီးနောက်ပိုင်း ဂိုးပေါက်ပျောက်ဆုံးနေပြီး (၁၆)လအတွင်းမှာ
ပထမဆုံးအနေနဲ့ ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီဂိုးသွင်းပြီးနောက် ဂရီးလစ်ရှ်က လက်နှစ်ဖက်ကိုကောင်းကင်ပေါ်လက်ညှိုးထိုးအောင်ပွဲခံခဲ့ပြီး ပွဲအပြီးမှာ သူ့ရဲ့အပြုအမူကို ရှင်းပြခဲ့ပါတယ်။

ဒီဂိုးဟာ လွန်ခဲ့တဲ့(၂၅)နှစ်တိတိက ကွယ်လွန်သွားခဲ့တဲ့ သူ့ညီလေး ကီလန်အတွက်ရည်စူးတယ်လို့ ဂရီးလစ်ရှ်ကဆိုပါတယ်။ ၂၀၀၀ ခုနှစ် ဧပြီ(၂)ရက်နေ့မှာ (၉)လအရွယ်သာရှိသေးတဲ့ ကီလန်ကွယ်လွန်ချိန်မှာ ဂရီးလစ်ရှ်က (၄)နှစ်ဝန်းကျင်အရွယ်သာရှိပါသေးတယ်။

ကီလန်ဟာ မွေးကင်းစကလေးငယ်တွေမှာဖြစ်တတ်တဲ့ SIDS-Sudden Infant Death Syndrome နဲ့ ရုတ်တရက် ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
နောက်ထပ် ညီ(၁)ဦးနဲ့ ညီမ(၂)ဦးရှိသေးတဲ့ ဂရီးလစ်ရှ်က သူ့အနေနဲ့ လူ့လောကမှာ မရှိတော့တဲ့ ဒီညီငယ်လေးကိုလည်း အခုအချိန်အထိ မမေ့မလျော့ဘဲ သတိရနေဆဲဆိုတာကို ပြသခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ ဂရီးလစ်ရှ်က "ဒီနေ့ဟာ ကျွန်တော်တို့မိသားစုအတွက် ခက်ခဲတဲ့နေ့တစ်နေ့ပါ။ ကျွန်တော့်အမေနဲ့ အဖေလည်း ဒီကွင်းထဲမှာ ရှိပါတယ်။ ဒီနေ့မှာ ဂိုးသွင်းနိုင်ပြီး အနိုင်ရတာက တကယ်ကို ထူးခြားတာပါပဲ" လို့ ဆိုခဲ့ပါတယ်။