နွေရာသီမှာ အသင်းဟောင်းဘင်ဖီကာထံပြန်သွားဖို့ ဘာနာဒိုဆေးလ်ဗား အလေးအနက်စဉ်းစား
ပေါ်တူဂီကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားဟာ မန်စီးတီးအသင်းကထွက်ခွာပြီး လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ အသင်းဟောင်း ဘင်ဖီကာအသင်းထံ ပြန်သွားဖို့ အလေးအနက်စဉ်းစားနေပါတယ်။
အသက်(၃၀)နှစ်အရွယ်ရှိ ဘာနာဒိုဆေးလ်ဗားဟာ မန်စီးတီးအသင်းကို ၂၀၁၇ ခုနှစ်နွေရာသီက မိုနာကိုအသင်းကနေ ရောက်ရှိလာခဲ့ပြီး ပွဲပေါင်း(၄၀၀)နီးပါးပါဝင်ကစားကာ ဂိုး(၇၀)သွင်းယူပြီး ပရီးမီးယားလိဂ်ဖလား(၆)ကြိမ်၊ချန်ပီယံလိဂ်ဖလား(၁)ကြိမ်အပါအဝင် ဆုဖလားအများအပြားရယူထားတာပါ။
မန်စီးတီးအသင်းရဲ့အဓိကကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဒီဘရိုင်းနားဟာ ရာသီအကုန်မှာ ထွက်ခွာမယ်လို့ ကြေညာပြီးနောက် ဘာနာဒိုဆေးလ်ဗားလည်း ရာသီကုန်ရင် ဘင်ဖီကာအသင်းထံ ပြန်လာဖို့ တံခါးဖွင့်ထားတယ်လို့ ပေါ်တူဂီသတင်း A Bola က ဖော်ပြထားပါတယ်။ ဘာနာဒိုဆေးလ်ဗားဟာ အရင်ကလည်း သူ့ရဲ့ငယ်ဘဝကလပ်ထံပြန်ဖို့ သတင်းတွေထွက်ခဲ့ပေမယ့် ဒါက သူ့ရဲ့ကစားသမားဘဝအဆုံးသတ်တဲ့အချိန်မှ ဖြစ်ဖွယ်ရှိတဲ့အစီအစဉ်လို့ ယူဆထားကြတာဖြစ်ပါတယ်။
မန်စီးတီးအသင်းမှာ တစ်ပတ်လုပ်ခပေါင်(၃၀၀,၀၀၀)ရရှိနေတဲ့ ဘာနာဒိုဆေးလ်ဗားရဲ့စာချုပ်ဟာ လာမယ့်ရာသီအကုန်မှာ ကုန်ဆုံးတော့မှာပါ။ ဒါပေမယ့် ဘာနာဒိုဆေးလ်ဗားဟာ လစာအများအပြားလျှော့ယူပြီး ဘင်ဖီကာအသင်းထံပြန်ဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ ဘာနာဒိုဆေးလ်ဗားဟာ မန်စီးတီးအသင်းကနေ ထွက်ခွာခဲ့ရင် ဘင်ဖီကာအသင်းဟာ သူ့အတွက်ဦးစားပေးဖြစ်တာကြောင့် ကလပ်အသင်းဘက်ကလည်း သဘောတူညီမှုရယူနိုင်ဖို့ အကောင်းမြင်မှုတွေရှိနေကြတာပါ။
ဘာနာဒိုဆေးလ်ဗားဟာ ဘင်ဖီကာအသင်းလူငယ်စီမံကိန်းကနေ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ဘင်ဖီကာအသင်းကြီးအတွက် (၃)ပွဲသာပါဝင်ကစားကာ မိုနာကိုအသင်းထံ အငှားနဲ့ပြောင်းရွှေ့ကာ နောက်ပိုင်းမှာ အပြီးသတ်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။