လက်စတာအသင်းက နာမည်ကျော်တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းကိုသာ နည်းပြအဖြစ်ခန့်အပ်ထားပေမယ့် သူ့ရဲ့လက်ထဲမှာ အသင်းက ဂိုးမသွင်းနိုင်တဲ့ပွဲတွေများလာပြီး ဂိုးပေါက်ပျောက်မှတ်တမ်းဆိုးတွေ တစ်ခုပြီး တစ်ခုတင်နေတာကို ပရိသတ်တွေက ရင်နာနာနဲ့ ကြည့်နေရပါတယ်။
မနေ့ညက ကစားခဲ့တဲ့ နယူးကာဆယ်အသင်းနဲ့ပွဲမှာ လက်စတာအသင်းဟာ အိမ်ကွင်းမှာ(၀-၃)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ဒီရှုံးပွဲဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၈)ပွဲဆက်တိုက် ဂိုးမသွင်းနိုင်ဘဲ ရှုံးနိမ့်တာဖြစ်ပါတယ်။
လက်စတာအသင်းဟာ ဇန်နဝါရီ(၂၆)ရက်နေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် စပါး(၁-၂)လက်စတာပွဲပြီးကတည်းက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးပေါက်ပျောက်နေတာဖြစ်ပြီး ရက်အားဖြင့် (၇၁)ရက်ကြာသွားခဲ့ပြီဖြစ်ပါတယ်။

ဒါကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဟောင်းလက်စတာအသင်းက လက်ရှိ ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ(၅)ခုထဲမှာ အရှည်ကြာဆုံး ဂိုးမသွင်းနိုင်တဲ့အသင်းအဖြစ် ရပ်တည်နေပါတယ်။
ဒါ့အပြင် လက်စတာအသင်းဟာ အိမ်ကွင်းမှာ ဂိုးမသွင်းနိုင်တာလည်း (၈)ပွဲအထိရှိခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာလ(၂၂)ရက်မှာ ကစားခဲ့တဲ့ လက်စတာ(၀-၃)၀ုလ်ဗ်စ်ပွဲကစပြီး လက်စတာအသင်းအနေနဲ့ အိမ်ကွင်း King Power Stadium မှာ ဂိုးမရတော့တာဖြစ်ပြီး ဒါက ပရီးမီးယားလိဂ်မှာ အဆိုးရွားဆုံးစံချိန်မှတ်တမ်းတစ်ခုဖြစ်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်သမိုင်းမှာသာမက ချန်ပီယံရှစ်၊ လိဂ်ဝမ်း၊ လိဂ်တူးတွေပါ ပါဝင်တဲ့အင်္ဂလန်ဘောလုံးလိဂ်သမိုင်းမှာပါ ဘယ်အသင်းမှ အိမ်ကွင်းပွဲစဉ်(၈)ပွဲဆက်တိုက် ဂိုးမရဘဲ ရှုံးတဲ့မှတ်တမ်းဆိုးကို ရရှိခဲ့ခြင်းမရှိဘဲ လက်စတာက ဒီမှတ်တမ်းဆိုးကို ပထမဆုံးပိုင်ဆိုင်တဲ့အသင်းဖြစ်ခဲ့တာပါ။

ဒါ့အပြင် ပရီးမီးယားလိဂ်သမိုင်းမှာ ပွဲအများဆုံးဆက်တိုက်ဂိုးမသွင်းနိုင်တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့မှတ်တမ်းဆိုးကို လိုက်မီဖို့လည်း လက်စတာက တစ်ပွဲပဲလိုပါတော့တယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းက ၁၉၉၄-၉၅ ရာသီမှာ ပရီးမီးယားလိဂ်(၉)ပွဲဆက်တိုက် ဂိုးမသွင်းနိုင်ခဲ့တာဖြစ်ပြီး အခုလက်စတာက (၈)ပွဲဆက်တိုက်ဂိုးမသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် နာမည်ကျော်တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်း ကိုင်တွယ်မှ အသင်းရဲ့ဂိုးတွေကို မြင်တွေ့ရခြင်းမရှိတော့တဲ့အတွက် လက်စတာပရိသတ်တွေက သူ့အပေါ်စိတ်ရှည်သည်းခံမှုကုန်ဆုံးလာပြီဖြစ်ပြီး နွေရာသီမရောက်ခင် လမ်းခွဲဇာတ်သိမ်းခန်းတစ်ခုကို မြင်တွေ့ရဖို့ များနေပြီဖြစ်ပါတယ်။
Discussion