နာပိုလီထံပြောင်းရွှေ့ဖို့ နေပယ်လ်မှာ ဒီဘရိုင်းနားရဲ့ဇနီးသည် အိမ်ရှာဖွေမှုစတင်

ဘယ်လ်ဂျီယံကွင်းလယ်လူ ဒီဘရိုင်းနားဟာ နာပိုလီအသင်းထံ ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သတင်း‌တွေထွက်ခဲ့ပြီးနောက် သူ့ရဲ့ဇနီးသည်ဟာ နေပယ်လ်မှာ အိမ်ရှာဖွေမှုတွေစတင်ခဲ့ပါတယ်။ ဒီဘရိုင်းနားဟာ ဒီရာသီကုန်မှာ (၁၀)စုနှစ်တစ်ခုကြာကစားခဲ့တဲ့ မန်စီးတီးအသင်းကနေ ထွက်ခွာတော့မှာပါ။

ဒီဘရိုင်းနားဟာ ပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်တဲ့ လီဗာပူးလ်၊ အက်စတွန်ဗီလာအသင်းတို့ရဲ့ချိတ်ဆက်မှုတွေကို ခံခဲ့ရသလို ဆော်ဒီပရိုလိဂ်နဲ့ မေဂျာလိဂ်ကလပ်တွေရဲ့စိတ်ဝင်စားမှုကိုလည်း ရရှိထားတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဘရိုင်းနားဟာ ဥရောပမှာပဲ သူ့ရဲ့ကစားသမားဘဝကို ဆက်ပြီးဖြတ်သန်းဖို့ ဆုံးဖြတ်ထားတာပါ။

Gazzetta dello Sport က ဒီဘရိုင်းနားရဲ့ဇနီးသည်ဟာ နေပယ်လ်မှာ အိမ်ရှာဖွေမှုတွေပြုလုပ်နေတယ်လို့ ဖော်ပြထားပါတယ်။ ဒီဘရိုင်းနားနဲ့ သူ့ရဲ့မိသားစုဟာ မကြာခဏဆိုသလို နေပယ်လ်ကို အားလပ်ရက်အဖြစ် လာရောက်လည်ပတ်လေ့ရှိတာပါ။ ဒီဘရိုင်းနားဟာ ပရီးမီးယားလိဂ်နဲ့ ဘွန်ဒစ်လီဂါမှာ ကစားခဲ့တာကြောင့် စီးရီးအေမှာ သူ့ကိုယ်သူစမ်းသပ်မယ့် အခွင့်အရေးကို ကြိုဆိုဖို့လည်း ရှိနေပါတယ်။

နာပိုလီအသင်းဟာ ဒီဘရိုင်းနားကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေပြုလုပ်နေပြီး (၂)နှစ်စာချုပ်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတာပါ။ နာပိုလီအသင်းဟာ ဒီရာသီမှာ စီးရီးအေအမှတ်ပေးဇယားကို ဦးဆောင်ထားပြီး လက်ကျန်ပွဲတွေမှာ နိုင်ပွဲရယူနိုင်ရင် ချန်ပီယံဆုကို ကိုင်မြှောက်နိုင်တော့မှာဖြစ်ပါတယ်။