နော်ဂတ်ရဲ့ဖျက်ထုတ်မှုက မိမိရဲ့ခြေထောက်ကျိုးသွားနိုင်တယ်လို့ မာတင်နယ်လီဝေဖန်

မနေ့ညက ကစားခဲ့တဲ့ အာဆင်နယ်(၁-၁)ဘရန်ဖိုဒ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘရန်ဖိုဒ့်အသင်းခေါင်းဆောင် နော်ဂတ်ရဲ့ဖျက်ထုတ်မှုဟာ သူ့ရဲ့ခြေထောက်ကို ကျိုးသွားနိုင်တယ်လို့ အာဆင်နယ်တောင်ပံကစားသမား မာတင်နယ်လီက ပွဲအပြီး Sky Sports နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဝေဖန်ခဲ့ပါတယ်။

ဒီပွဲစဉ်ရဲ့ပွဲချိန်(၂၈)မိနစ်မှာ နော်ဂတ်ဟာ အာဆင်နယ်အသင်းရဲ့တန်ပြန်တိုက်စစ်ဆင်မှုကို ရပ်တန့်နိုင်ဖို့အတွက် မာတင်နယ်လီကို အနောက်ကနေဖျက်ထုတ်ခဲ့တာဖြစ်ပြီး နော်ဂတ်ဟာ ဒီဖျက်ထုတ်မှုကြောင့် အဝါကတ်သာပြသခံခဲ့ရတာပါ။

အာဆင်နယ်အသင်းဟာ ဒီပွဲမှာ ကွင်းလယ်လူပါတေးရဲ့သွင်းဂိုးနဲ့ဦးဆောင်ခဲ့ပေမယ့် ဘရန်ဖိုဒ့် ကွင်းလယ်တိုက်စစ်ကစားသမားဝစ်ဆာရဲ့ချေပဂိုးကြောင့် (၁-၁)ဂိုးစီသရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့တာဖြစ်ပါတယ်။ ဘရန်ဖိုဒ့်အသင်းခေါင်းဆောင် နော်ဂတ်ဟာ သူ့ရဲ့ဖျက်ထုတ်မှုအတွက် ပထမပိုင်းအပြီးဥမင်ထဲမှာ မာတင်နယ်လီကို တောင်းပန်ဖို့ကြိုးစားခဲ့တယ်လို့ ESPN က ဖော်ပြခဲ့ပါတယ်။ ဘရာဇီးလ်ကြယ်ပွင့် မာတင်နယ်လီဟာ ဒီဖျက်ထုတ်မှုအပေါ် အလွန်ဒေါသထွက်နေခဲ့တာပါ။

မာတင်နယ်လီက "သူ့ရဲ့ဖျက်ထုတ်မှုက ကျွန်တော့်ရဲ့ခြေထောက်ကျိုးသွားနိုင်ပါတယ်။ သူကတော့ ဒီလိုမျိုးမရည်ရွယ်ခဲ့ဘူးလို့ပြောခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့ ဒီဖျက်ထုတ်မှုက အနီကတ်ပါ။ သေချာအောင်ထပ်ကြည့်ဖို့လိုပေမယ့် ကျွန်တော့်အတွက် ဒါကဆိုးရွားပါတယ်"လို့ ဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းနည်းပြအာတီတာကလည်း ဒီဖျက်ထုတ်မှုအတွက် ဒေါသထွက်နေခဲ့ပါတယ်။ ဒီပွဲမှာ အာဆင်နယ်အသင်းအတွက် ဂိုးသွင်းယူခဲ့တဲ့ ပါတေးဟာ ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရပြီး နောက်ခံလူဘင်ဝှိုက်ဟာ လေ့ကျင့်ရေးကွင်းမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ဒီပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။ သူတို့နှစ်ဦးလုံးဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ချန်ပီယံလိဂ်ကွာတားဖိုင်နယ်(ဒုတိယအကျော့)ပွဲစဉ်ကို လွဲချော်ဖွယ်ရှိတယ်လို့ သိရပါတယ်။