နော်တင်ဂမ်ဖောရက်စ်အသင်းက မန်စီးတီးအသင်းကို (၁-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ ရုပ်သံဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ မန်ယူနိုက်တက်အသင်းနောက်ခံလူဟောင်း ရီယိုဖာဒီနန်ဟာ မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းကို ရည်ရွယ်တဲ့ ထိုးနှက်မှုပြုလုပ်ခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ဒီရှုံးပွဲကြောင့် ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၉)ပွဲမြောက်ရှုံးပွဲကြုံတွေ့ခဲ့ပြီး အမှတ်ပေးဇယားအဆင့်(၃)နေရာမှာ ရပ်တည်နေတဲ့ နော်တင်ဂမ်ဖောရက်စ်အသင်းနဲ့ ရမှတ်(၄)မှတ်အထိ ကွာဟသွားခဲ့တာပါ။

ဒီပွဲအပြီးမှာ နော်တင်ဂမ်ဖောရက်စ်အသင်းအတွက် အနိုင်ဂိုးသွင်းယူခဲ့တဲ့ တောင်ပံကစားသမား အိုဒွိုင်းနဲ့ နောက်ခံလူ အိုင်နာတို့ဟာ ချန်ပီယံလိဂ်မျှော်မှန်းချက်အပေါ် သူတို့ရဲ့စိတ်လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး TNT Sports မှာ မေးမြန်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။ အိုဒွိုင်းကတော့ သူတို့ဟာ နှိမ့်ချပြီး ရမှတ်တွေရယူနိုင်သလောက်ကြိုးစားသွားမယ်လို့ ပြောခဲ့တဲ့အပေါ် ရီယိုဖာဒီနန်က ဟာလန်းကိုနောက်ပြောင်ကာ ထိုးနှက်မှုပြုလုပ်ခဲ့တာပါ။

ရီယိုဖာဒီနန်က "နှိမ့်ချပြီးနေပါ(Stay humble)ဆိုတဲ့ စကားကို ရာသီအစပိုင်းမှာ တစ်စုံတစ်ဦးက ပြောခဲ့တာမဟုတ်ဘူးလား"လို့ ဆိုခဲ့တာဖြစ်ပါတယ်။ ရီယိုဖာဒီနန်ရဲ့ဒီလိုပြောဆိုမှုကို အိုဒွိုင်းနဲ့ အိုင်နာတို့ဟာ ရယ်မောခဲ့ကြသလို ရုပ်သံအစီအစဉ်တင်ဆက်သူတွေဖြစ်တဲ့ လင်ဆေးနဲ့ မန်စီးတီးအသင်းနောက်ခံလူဟောင်း လက်စ်ကော့တို့လည်း ရယ်မောခဲ့ကြတာပါ။

ဟာလန်းဟာ မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့(၂-၂)ဂိုးစီသရေကျခဲ့တဲ့ စက်တင်ဘာတုန်းက ပရီးမီးယားလိဂ်ပွဲအပြီးမှာ အာဆင်နယ်အသင်းနည်းပြအာတီတာကို "stay humble"ဆိုပြီး ပြောခဲ့ပါတယ်။ ဟာလန်းဟာ ဒီစကားပြောပြီးနောက်ပိုင်းမှာ မန်စီးတီးအသင်းရဲ့ရလဒ်ဆိုးတွေနဲ့အတူ လှောင်ပြောင်မှုတွေကို ခံခဲ့ရတာဖြစ်ပါတယ်။