မန်ယူနိုက်တက်အသင်းနဲ့ စပါးအသင်းတို့ဟာ ပရီးမီးယားလိဂ်ကြီး(၆)ကြီးစာရင်းဝင်အသင်းတွေထဲမှာ ၂၀၀၉ ခုနှစ်နောက်ပိုင်း (ပြီးခဲ့တဲ့ ၁၅ ရာသီအတွင်း) အဆိုးရွားဆုံးပရီးမီးယားလိဂ်ရပ်တည်မှုကို ပိုင်ဆိုင်ရဖွယ်ရှိနေပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၃၂)ကစားပြီးချိန်မှာ မန်ယူနိုက်တက်အသင်းဟာ (၁၀)ပွဲသာအနိုင်ရခဲ့ပြီး (၈)ပွဲသရေ၊ (၁၄)ပွဲရှုံးရလဒ်ကြောင့် ရမှတ်(၃၈)မှတ်သာရပြီး အဆင့်(၁၄)နေရာမှာ ရပ်တည်နေပါတယ်။
စပါးအသင်းကလည်း ပရီးမီးယားလိဂ်ပွဲစဉ်(၃၂)ကစားပြီးချိန်မှာ (၁၁)ပွဲသာအနိုင်ရခဲ့ပြီး (၄)ပွဲသရေ၊ (၁၇)ပွဲရှုံးရလဒ်ကြောင့် ရမှတ်(၃၇)မှတ်သာရပြီး အဆင့်(၁၅)နေရာမှာ ရပ်တည်နေပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီက နည်းပြတန်ဟတ်လက်ထက်မှာ ပရီးမီးယားလိဂ်အဆိုးရွားဆုံးရပ်တည်မှုအဖြစ် အဆင့်(၈)နဲ့ အဆုံးသတ်ခဲ့ရပြီး၊ စပါးကလည်း ၂၀၀၉ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ်အဆိုးရွားဆုံးရပ်တည်မှုအဖြစ် ၂၀၂၂-၂၃ ရာသီမှာ အဆင့်(၈)နဲ့ ရာသီကို အဆုံးသတ်ခဲ့ရတာပါ။
၂၀၀၉ ခုနှစ်နောက်ပိုင်း (ပြီးခဲ့တဲ့ ၁၅ ရာသီအတွင်း) ၂၀၂၂-၂၃ ရာသီမှာ အဆင့်(၁၂)ရခဲ့တဲ့ချယ်လ်ဆီးအသင်းကလွဲလို့ ကျန်ပရီးမီးယားလိဂ်ကြီး(၆)ကြီးစာရင်းဝင်အသင်းတွေအနေနဲ့ အဆင့်(၈)အထိသာ အဆိုးရွားဆုံးရောက်ခဲ့ဖူးတာပါ။

မန်စီးတီးအသင်းက ၂၀၀၉-၁၀ ရာသီမှာ အဆင့်(၅)၊ အာဆင်နယ်အသင်းက ၂၀၂၁-၂၂ ရာသီမှာ အဆင့်(၈)၊ လီဗာပူးလ်အသင်းက ၂၀၁၅-၁၆ ရာသီမှာ အဆင့်(၈)၊ မန်ယူနိုက်တက်အသင်းက ၂၀၂၃-၂၄ ရာသီမှာ အဆင့်(၈)နဲ့ စပါးအသင်းက ၂၀၂၂-၂၃ ရာသီမှာ အဆင့်(၈)နေရာတွေ ရပ်တည်ခဲ့တာက နောက်ဆုံး(၁၅)နှစ်အတွင်း ကြီး(၆)ကြီးစာရင်းဝင်အသင်းတွေအတွက် အဆိုးရွားဆုံးရပ်တည်မှုတွေဖြစ်ခဲ့တာပါ။
ဒါကြောင့် မန်ယူနိုက်တက်နဲ့ စပါးအသင်းအနေနဲ့ လက်ကျန်ပွဲ(၆)ပွဲမှာ ရလဒ်ကောင်းတွေဆက်တိုက်ရယူပြီး ဒီဆိုးရွားတဲ့ရပ်တည်မှုတွေကနေ ရုန်းထွက်ပြီး အပေါ်ကိုတက်လာနိုင်မလား၊ ရလဒ်ဆိုးတွေနဲ့အတူ မှတ်တမ်းဆိုးတွေကို ဆက်လက်ရေးထိုးမလားဆိုတာ ကြည့်ရမှာပါ။
Discussion