ဒီရာသီအကုန်မှာ မန်စီးတီးအသင်းကနေ ထွက်ခွာမယ်လို့အတည်ပြုထားတဲ့ ဘယ်လ်ဂျီယံကွင်းလယ်လူ ဒီဘရိုင်းနားဟာ နောက်ထပ်ပရီးမီးယားလိဂ်အသင်းတစ်သင်းသင်းထံပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားပါတယ်။
ဒီရာသီကုန်ရင် မန်စီးတီးအသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ဒီဘရိုင်းနားဟာ မန်စီးတီးအသင်းက ခရစ္စတယ်ပဲလေ့စ်အသင်းကို (၅-၂)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ခြေစွမ်းပြသပြီး ဖရီးကစ်ကနေ တိုက်ရိုက်ဂိုးသွင်းယူခဲ့သလို အသင်းဖော်ကိုဗာချစ်ရဲ့သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့တာပါ။
မန်စီးတီးအသင်းမှာ (၁၀)နှစ်ကြာကစားပြီးထွက်ခွာမယ့် ဒီဘရိုင်းနားကို ခေါ်ယူဖို့ ဆော်ဒီပရိုလိဂ်ကလပ်အသင်းတွေနဲ့ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းက စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် ဒီဘရိုင်းနားဟာ နောက်ထပ်ပရီးမီးယားလိဂ်အသင်းတစ်သင်းသင်းထံ ပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားတာပါ။
ဒီဘရိုင်းနားက "ဘယ်လိုပရောဂျက်ကိုမဆိုနားထောင်ချင်ပါတယ်။ ကျွန်တော်ဟာ ဘောလုံးကစားရတာကို နှစ်သက်ပြီး ကောင်းမွန်တဲ့ပရောဂျက်ရောက်လာရင် ကျွန်တော့်မိသားစုက ဒါကိုကောင်းမွန်တဲ့ဆုံးဖြတ်ချက်ချနိုင်မှာပါ။ အင်္ဂလန်မှာ ဆက်ရှိမလားဆိုတာ ကျွန်တော်မသိပါဘူး။ ထွက်ခွာဖို့ဆုံးဖြတ်ချက်က မကြာသေးလို့ ဘာမှဆုံးဖြတ်လို့မရဘူး"လို့ Viaplay မှာဆိုခဲ့ပါတယ်။
ဒီဘရိုင်းနားဟာ လက်ရှိအချိန်မှာ မန်စီးတီးအသင်းကို လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် ပို့ဆောင်ပေးနိုင်ဖို့ ရည်မှန်းထားတာပါ။ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်(၄)နေရာမှာ ရပ်တည်နေတဲ့ မန်စီးတီးအသင်းဟာ လာမယ့်လိဂ်ပွဲစဉ်အဖြစ် အဲဗာတန်အသင်းအိမ်ကွင်းသွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Discussion