ငယ်စဉ်က အဖြစ်အပျက်တွေက လက်ရှိဘဝအပေါ် ဘယ်လို သက်ရောက်စေလဲ?

သူတစ်ပါးရဲ့ သိပ်အရေးမကြီးတဲ့ အပြုအမူတွေ (ဥပမာ လေသံမာတာ၊ စာပြန်နောက်ကျတာ၊ ချိန်းထားပြီးမှ ဖျက်လိုက်တာ) ကြောင့် လိုတာထက်ပိုပြီး စိတ်တိုတာ၊ ဝမ်းနည်းတာမျိုး ကြုံဖူးကြမယ်ထင်ပါတယ်။ ဒီလို အချိန်မျိုးမှာ တွေးမိနိုင်တာက ဘာလို့ ဒီကိစ္စက ကိုယ့်ကို ဒီလောက် ထိခိုက်စေနိုင်တာလဲ ဆိုတဲ့ မေးခွန်းပါ။ 

ဖြစ်နိုင်တာက ကိစ္စတစ်ခုကြောင့် ဒီတိုင်းစိတ်ထိခိုက်ရတာ ဆိုတာထက် ပိုနိုင်ပါတယ်။ အခုအချိန်မှာ ဖြစ်တဲ့ တုံ့ပြန်မှုတွေက တစ်ချိန်ကလေးဘဝမှာ ဦးနှောက်၊ အာရုံကြော ဖွဲ့စည်းမှု စနစ် (Nervous System) နဲ့ စိတ်ခံစားမှုတွေ တည်ဆောက်နေတုန်းမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

သတင်းကောင်းတစ်ခုကတော့ အဖြေရှာနိုင်ရင် ဒီလိုအပြုအမူတွေနဲ့ မလိုအပ်တဲ့ တုံ့ပြန်မှုတွေကနေ ရုန်းထွက်နိုင်တာမို့ အကြောင်းအရင်းကို အရင်သိဖို့ ကြိုးစားကြည့်လိုက်ရအောင် …

🧠 ဘာလို့ ကလေးဘဝက အတွေ့အကြုံတွေက အရေးပါရလဲ?

မွေးကင်းစကနေ အသက် (၇) နှစ်အတွင်းမှာ လူတစ်ယောက်ရဲ့ ဦးနှောက်က ရေမြှုပ်တစ်ခုလို ဖြစ်သမျှကို အကုန်စုပ်ယူ မှတ်ထားတတ်ပါတယ်။ ဘဝရဲ့ ပထမဆုံးတွေ့ကြုံမှုတွေက စိတ်လုံခြုံမှု၊ မေတ္တာ၊ ပြဿနာဖြေရှင်းခြင်းစတာတွေကို အဓိပ္ပာယ်သတ်မှတ်ပေးပါတယ်။ တချို့အရာတွေကို မမှတ်မိဘူးလို့ ထင်ပေမယ့် အာရုံကြော ဖွဲ့စည်းပုံစနစ်က မှတ်ထားပါတယ်။ ဒါ့ကြောင့် အသက်ကြီးလာတဲ့အခါ တုံ့ပြန်မှုတွေ၊ ခံစားချက်တွေက ငယ်စဉ်က အဖြစ်အပျက်တွေကို အခြေခံပြီး ဖြစ်ပေါ်လာတာပါ။

💥 စိတ်ခံစားချက်နဲ့ တုံ့ပြန်မှုတွေက သဲလွန်စတွေပါ

ဘာမှမဟုတ်ဘူးလို့ထင်ရတဲ့ ကိစ္စတွေကို လိုတာထက် ပိုတုံ့ပြန်မိတဲ့အခါ ကိုယ့်ရဲ့ လက်ရှိမဟုတ်တဲ့ ငယ်ငယ်က စိတ်ကြောင့်ပါ။ 

ဥပမာအနေနဲ့

  • တစ်စုံတစ်ယောက်က စာမပြန်တဲ့အခါ အပစ်ပယ်ခံရတယ်လို့ ခံစားရတာဟာ ငယ်ငယ်က ဂရုစိုက်မခံရတာ၊ စိတ်ခံစားချက်တွေကို အတည်မယူခံရတာမျိုးကြောင့် ဖြစ်နိုင်ပါတယ် 
  • စိတ်ဆိုးခံရတဲ့အခါ ဘာလုပ်ရမှန်းမသိဘဲ ပြာထွက်သွားတာမျိုးက ငယ်ငယ်က ခန့်မှန်းရခက်ပြီး ဒေါသကြီးတဲ့ လူကြီးတွေနဲ့ ကြီးပြင်းခဲ့ရတာကြောင့် ဖြစ်နိုင်ပါတယ်
  • ပြဿနာဖြစ်၊ ရန်ဖြစ်တဲ့အခါမျိုးမှာ ဘာမှမခံစားရ၊ ဘာတုံ့ပြန်မှုမှမရှိတာမျိုးက ငယ်စဉ်မှာ ကိုယ့်စိတ်ခံစားချက်တွေကို လျစ်လျူရှုခံရတာ၊ တုံ့ပြန်မှုကြောင့် အပြစ်ပေးခံရတာမျိုးကြောင့် ဖြစ်နိုင်ပါတယ်။

ဒါတွေက လွန်ကဲတဲ့ တုံ့ပြန်မှုတွေ မဟုတ်ပါဘူး။ တွေ့ကြုံမှုတွေကြောင့် အဆင်ပြေအောင် နေလာရင်း ကျင့်သားရလာတဲ့ အကျင့်တွေ​ပါ။

🧩 ကလေးဘဝက အဖြစ်အပျက်တွေက ဆင်ခြေမဟုတ်ပါဘူး

ငယ်စဉ်ကလေးဘဝကို ပြန်ကြည့်ပြီး အဖြေရှာခြင်းဟာ အရင်က အဖြစ်အပျက်တွေ၊ မိဘတွေ၊ လူကြီးတွေကို အပြစ်တင်ပြီး ပိတ်မိနေဖို့ မဟုတ်ပါဘူး။ ဘာကြောင့် ဒီလိုတွေ တုံ့ပြန်နေမိလဲဆိုတာ အဖြေရှာပြီး ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲဖို့ပါ။

ဒီလို အဖြေရှာဖို့ ကိုယ့်ကိုယ်ကို ဒီမေးခွန်းတွေ မေးသင့်ပါတယ်

  • ငယ်စဉ်က ဘယ်လို စိတ်ခံစားမှု လိုအပ်ချက်တွေ ရှိခဲ့လဲ
  • အခုလက်ရှိမှာ ဘယ်လိုအကြောင်းအရာနဲ့ ပတ်သက်ပြီး စိတ်မလုံခြုံမှု ဖြစ်ရလဲ
  • အရင်က ဆက်ဆံရေးတွေမှာ တူညီတဲ့ အဖြစ်အပျက် (Pattern) တွေကဘာလဲ
  • ကိုယ့်ကိုယ်ကို အမြဲပြောနေတဲ့ စကားတွေက ကောင်းတာတွေလား၊ မကောင်းတာတွေလား

🛠️ အခုကစပြီး ဒီလိုဖြေရှင်းနိုင်ပါတယ်

  • ထစ်ခနဲ ဖြစ်လာတဲ့ တုံ့ပြန်မှုတွေကို မှတ်ထားပါ။ ဘာကြောင့်လဲဆိုတာကို မေးခွန်းတွေမေးပြီး ဒီတုံ့ပြန်မှုတွေကို နားလည်အောင် လုပ်ပါ
  • ကိုယ့်စိတ်ထဲက ကလေး (inner child) ကို ငယ်ငယ်က လိုအပ်ခဲ့တဲ့ ဂရုစိုက်မှု၊ အလေးပေးမှုတွေကို မိဘတစ်ယောက်နေရာကနေ ပြန်ပေးပါ
  • လိုအပ်တဲ့ ကန့်သတ်ချက်တွေထားပါ (ငယ်ငယ်က အတွန့်တက်ခွင့်မရခဲ့ရင် ကြီးလာတဲ့အခါ သူများကို ငြင်းရတာ အခက်အခဲရှိတတ်ပါတယ်။ ဒီလိုကိစ္စမျိုးမှာ ဘယ်လိုအရာတွေဆိုရင်တော့ လက်မခံဘဲ ငြင်းမယ်လို့ စိတ်ဆုံးဖြတ်ထားကြည့်ပါ)
  • “ငါဘာလို့ ဒီလိုဖြစ်နေတာလဲ” ဆိုတာမျိုး မမေးဘဲနဲ့ “ဒီတုံပြန်မှုက ကိုယ့်ကို ဘာကနေ ကာကွယ်ပေးဖို့ လုပ်ချင်နေတာလဲ” ဆိုတာမျိုး မေးပြီး သိချင်စိတ်နဲ့ ချဉ်းကပ်စေချင်ပါတယ်

ဒီနေရာမှာ တစ်ကိုယ်တည်းကြိုးစားတာထက် စိတ်လုံခြုံမှုပေးတဲ့ ဆက်ဆံရေးနဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေကို ရွေးချယ်ပြီး သူတို့ဆီကနေ ထောက်ပံ့မှု ရယူစေချင်ပါတယ်။ ကိုယ့်လက်ရှိဟာ ကိုယ့်ရဲ့ ကလေးဘဝမဟုတ်ပါဘူး။ အကြောင်းအရင်းကို သိပြီဆိုရင် ဖြေရှင်းပြီး မကောင်းတဲ့အကျင့်တွေကနေ ရုန်းထွက်နိုင်တာမို့ ကိုယ့်စိတ်ထဲမှာ ရှိနေတဲ့ ကလေး (inner child) က ဒီတုံ့ပြန်မှုတွေကနေတစ်ဆင့် ပြောပြချင်တဲ့ အကြောင်းအရာကို ကြင်ကြင်နာနာနဲ့ အဖြေရှာစေချင်ပါတယ် …