နိစ္စဓူဝ တာဝန်တွေကြားမှာ မိမိကိုယ်ကို ပျောက်ဆုံးနေပြီဆိုရင် …

တစ်ပတ်တာရဲ့ အလုပ်တာဝန်တွေအပြီးမှာ ကိုယ့်ကိုယ်ကို ပျောက်ဆုံးနေတယ်လို့ ခံစားနေရပြီလား? လူတော်တော်များမျာဟာ အလုပ်တွေ၊ ကိုယ်ရေးကိုယ်တာကိစ္စတွေ ကြားထဲမှာ ခဏရပ်ပြီး ကိုယ့်ကိုယ်ကို အနားပေးဖို့ မေ့တတ်ကြပါတယ်။ ပုံမှန်ထက်ပိုပြီး လေးလံတတ်တဲ့ ရက်သတ္တပတ်တွေမှာ စိတ်ရော လူရော အနားရဖို့ ကြီးကြီးမားမား မလိုအပ်ပါဘူး။ ဒါ့ကြောင့် နားရက်မှာ တစ်နိုင်တစ်ပိုင် လုပ်နိုင်ပြီး နွမ်းလျနေတဲ့ စိတ်နဲ့ကိုယ်ကို ပြန်လန်းဆန်းစေဖို့ ဘာတွေ လုပ်နိုင်လဲဆိုတာ ဖော်ပြပေးချင်ပါတယ်။
- ခံစားနေရတာကို သိအောင် လုပ်ပါ
အနားရဖို့ ဟိုလုပ်ဒီလုပ် လုပ်ဖို့ မလောခင် အရင်ဆုံး ကိုယ်ခံစားနေရတာကို သိအောင် လုပ်စေချင်ပါတယ်။ စိတ်ပင်ပန်းနေတာလား၊ ခန္ဓာကိုယ်က နေထိုင်လို့မကောင်းတာလား၊ စိုးရိမ်စိတ်ပဲ ပိုများနေတာလား၊ တစ်ခုခုကြောင့် စိတ်ခုနေတာလား၊ ကိုယ့်ကိုယ်ကို ပျောက်ဆုံးနေတယ်လို့ ခံစားနေရတာလား စတဲ့ အကြောင်းအရင်းကို ရှာနိုင်ပါတယ်။ မိမိကိုယ်ကို ဒီလို မေးခွန်းတွေမေးကြည့်ပါ
- ဒီတစ်ပတ်ထဲ ဘာကြောင့် အများဆုံး ပင်ပန်းခဲ့ရလဲ ?
- လိုအပ်ပြီး မရခဲ့တာရှိလား ?
- ဘယ်လိုခံစားချက်မျိုး ခဏခဏ ဖြစ်နေမိလဲ ?
- လှုပ်ရှားမှု တစ်ခုခုလုပ်ပါ
ခေါင်းထဲမှာ အတွေးတွေနဲ့ပဲ ပြည့်နေတယ်ဆိုရင် မပြင်းထန်တဲ့ လှုပ်ရှားမှုတစ်ခုခု လုပ်ပေးခြင်းဟာ စိတ်နဲ့ကိုယ် နှစ်မျိုးလုံးအတွက် ကောင်းပါတယ်။ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းမျိုးထက်
- စိတ်ငြိမ်စေတဲ့ သီချင်းဖွင့်ပြီး အကြောလျှော့တာ
- အခန်းရှင်းတာ
- လမ်းလျှောက်ထွက်တာ
- အကြိုက်ဆုံး ဆပ်ပြာရည်နဲ့ စိမ်ပြေနပြေ ရေချိုးတာ
ဒါမျိုးတွေ လုပ်နိုင်ပါတယ်။ အတွေးတွေထဲကနေ ရုန်းထွက်နိုင်ပြီး ခန္ဓာကိုယ်က ပြန်လန်းဆန်းလာတာကို ခံစားမိမှာပါ။
- အင်တာနက်ကမ္ဘာထဲကနေ ခဏရုန်းထွက်ကြည့်ပါ
စိတ်ပင်ပန်းနေတဲ့အချိန်မှာ အင်တာနက်က တက်သမျှ သတင်းတွေ၊ အကြောင်းကြားစာတွေ၊ ဆိုရှယ်မီဒီယာပေါ်က လူတွေရဲ့ အမြင်တွေကို မသိလို့လည်း ဖြစ်ပါတယ်။ ကိုယ့်စိတ်ကို အနားပေးဖို့
- အကြောင်းကြားစာတွေ (notification) ပိတ်ထားတာ
- ဆိုရှယ်မီဒီယာ အကောင့်တွေကနေ ထွက် (log out) ထားတာ
- အရေးမကြီးတဲ့ စာတွေဆိုရင် မပြန်တာ စတာမျိုးတွေ လုပ်နိုင်ပါတယ်။ တစ်ခါတစ်ရံမှာ စိတ်က အနားမရဖြစ်နေတာ အပြင်ဘက်က ဒီလို အကြောင်းအရာတွေက အနှောင့်အယှက်ပေးနေလို့ပါ။
- စိတ်ငြိမ်စေတဲ့ အပြုအမူ တစ်ခုခုလုပ်ပါ
ကိုယ့်ကို အမြဲ စိတ်ပျော်စေတဲ့ အပြုအမူတစ်ခုက ဘာဖြစ်မလဲ? တိုးတက်ဖို့ ဘာဖို့ မဟုတ်ဘဲ အကြောင်းပြချက်မရှိတဲ့ လုပ်နေကျ တစ်ခုခုပါ။ ဥပမာ -
- ကိုယ်အကြိုက်ဆုံး သောက်စရာ (လက်ဖက်ရည်၊ ကော်ဖီ၊ မာချာ (matcha) စသည်) တစ်ခုခု ဖျော်သောက်တာ
- ခံစားနေရတာတွေကို ချရေးတာ
- အကြိုက်ဆုံး ဇာတ်ကားကို ပြန်ကြည့်တာ
- အကြိုက်ဆုံး သီချင်းတွေဖွင့်ပြီး အိမ်ရှင်းတာ စတာတွေပါ။ နေ့စဉ် တာဝန်တွေကြားထဲမှာ ပျောက်ဆုံးနေတဲ့ မိမိကိုယ်ကို ပြန်ရှာဖို့အတွက် လုပ်နေကျ ရိုးရိုးရှင်းရှင်း အပြုအမူတစ်ခုက အများကြီး အထောက်အကူဖြစ်စေတာကို တွေ့ရမှာပါ။
- ရင်းနှီးရသူ တစ်ယောက်ယောက်နဲ့ စကားပြောပါ
စိတ်ပန်းလူပန်းအချိန်မှာ ကိုယ့်ကိုယ်ကိုပဲ မဟုတ်ပါဘူး။ ကိုယ့်ကို ဂရုစိုက်သူ၊ ချစ်ခင်သူတွေရှိတာကိုလည်း မေ့တတ်ကြပါတယ်။ ဒါ့ကြောင့် လုံခြုံတယ် လို့ခံစားရသူ၊ ဝေဖန်မှုမရှိ၊ ပြုပြင်ပေးဖို့ မလုပ်ဘဲ နားထောင်ပေးနိုင်သူ၊ ကိုယ့်ရဲ့ ပုံစံအမျိုးမျိုးကို မြင်ဖူးပြီး အခင်အမင်မပျက်သူ တစ်စုံတစ်ယောက်နဲ့ စကားပြောကြည့်ပါ။ အကယ်၍ ဘယ်သူမှ ခေါင်းထဲပေါ်မလာဘူးဆိုရင်လည်း ပြဿနာမရှိပါဘူး။ အတိတ်က (သို့) အနာဂတ်က ကိုယ့်ကိုယ်ကို စာတစ်စောင်ရေးပြီး မိမိကိုယ်ကို ဂရုစိုက်ကြောင်း ပြသနိုင်ပါတယ်။
ဒါတွေအကုန်လုပ်ပြီးတဲ့အချိန်မှာ စိတ်အခြေအနေက သိသိသာသာ မကောင်းသေးဘူးဆိုရင် မိမိကိုယ်ကို အမြန်ပြန်ကောင်းဖို့ အတင်းလုပ်မယူပါနဲ့။ တဖြည်းဖြည်းချင်း လုပ်ပြီး
ဖြည်းဖြည်းချင်း ပြန်ကောင်းလာလို့လည်း အဆင်ပြေပါတယ်။ ဒီခံစားချက်တွေက ခဏတာဖြစ်ပြီး ခဏတာပင်ပန်းမှုသာဖြစ်တယ်ဆိုတာကို မမေ့စေချင်ပါဘူး။ အချိန်၊ အနားယူမှု၊ ဂရုစိုက်မှုတွေသာရှိမယ်ဆိုရင် မိမိကိုယ်ကို ပြန်လည်ရှာတွေ့နိုင်မှာပါ …