မနေ့က ကစားခဲ့တဲ့ UEFA Nations League ကွာတားဖိုင်နယ်(ဒုတိယအကျော့)ပွဲစဉ် ပေါ်တူဂီ(၅-၂)ဒိန်းမတ်ပွဲမတိုင်မီမှာ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းတစ်ခု ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။
ပွဲကြည့်ပရိသတ်ရှေ့မှောက် ကွင်းထဲမှာ စီရော်နယ်ဒိုက ဒီကမ္ဘာ့စံချိန်မှတ်တမ်းကို လက်ခံရယူခဲ့ပြီး ပရိသတ်တွေက ဩဘာပေးလက်ခုပ်တီးခဲ့ကြပါတယ်။

ဒီကမ္ဘာ့စံချိန်မှတ်တမ်းက နိုင်ငံတကာပွဲ နိုင်ပွဲအများဆုံးမှတ်တမ်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလက ပိုလန်ကို ပေါ်တူဂီအသင်းက (၅-၁)ဂိုးနဲ့နိုင်တဲ့ပွဲအပြီးမှာ စီရော်နယ်ဒိုရဲ့ နိုင်ငံတကာပွဲ နိုင်ပွဲအရေအတွက်က (၁၃၂)ပွဲအထိရှိသွားခဲ့ပါတယ်။
စီရော်နယ်ဒိုအနေနဲ့ အရင်က နိုင်ငံတကာပွဲတွေမှာ အများဆုံးအနိုင်ရသူအဖြစ် စံချိန်တင်ထားသူ စပိန်လက်ရွေးစင်နောက်ခံလူဟောင်းရာမို့စ်ရဲ့(၁၃၁)ပွဲစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။

သူတို့နှစ်ဦးနောက် တတိယနေရာမှာ စပိန်ဂိုးသမားဟောင်းကားဆီးလက်စ်က (၁၂၁)ပွဲနဲ့ရှိနေပါတယ်။ စီရော်နယ်ဒိုနဲ့ ခေတ်ပြိုင်ဘောလုံးသမားမက်ဆီက စတုတ္ထနေရာမှာ (၁၂၀)ပွဲနဲ့ ရပ်တည်နေပါတယ်။
မနေ့ကပွဲမှာ ပေါ်တူဂီအသင်းက ဒိန်းမတ်အသင်းကို (၅-၂)ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် စီရော်နယ်ဒိုရဲ့နိုင်ငံတကာပွဲ နိုင်ပွဲအရေအတွက်က (၁၃၃)ပွဲအထိ ရောက်ရှိလာပါတယ်။ စီရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် နိုင်ငံတကာပွဲ(၂၁၉)ပွဲကစားပေးထားပြီး နိုင်ငံတကာပွဲအများဆုံးကစားသူအဖြစ်လည်း စံချိန်မှတ်တမ်းတင်ထားသူဖြစ်ပါတယ်။
Discussion