နိုင်ငံတကာရဲ့ ပါကင်နေရာဦးခြင်း အလေ့အထ

ကားပါကင်နေရာကြောင့် ပြဿနာတက်ရတဲ့ အကြောင်းတွေဟာ မြန်မာနိုင်ငံသားတွေ အတွက်တော့ မဆန်းပါဘူး။ ရန်ကုန်ရဲ့ လမ်းကျယ်၊ လမ်းသွယ်အစုံမှာ အုတ်ခဲ၊ ခုံ၊ သစ်သားတန်း၊ တစ်ခါတစ်လေ အိမ်မှာရှိတဲ့ တွေ့ရာပစ္စည်းတွေသုံးပြီး နည်းလမ်းမျိုးစုံနဲ့ ပါကင်နေရာ ဦးထားကြတာကို တွေ့မြင်ဖူးကြမှာ ဖြစ်သလို၊ တချို့တွေကတော့ ကိုယ်တိုင်လည်း လုပ်ဖူးကြမယ်ထင်ပါတယ်။
ဒါဟာ အရှေ့တိုင်းသားတွေနဲ့ မြန်မာနိုင်ငံမှာပဲရှိတဲ့ အပြုအမူလို့ တော်တော်များများ ထင်ကြမှာပါ။ အံ့သြဖို့ကောင်းတာတစ်ခုက ဒီလိုမျိုး ကြုံရာပစ္စည်းတွေနဲ့ ပါကင်နေရာဦးခြင်းက နိုင်ငံတကာမှာလည်း လုပ်တတ်ကြတဲ့ အပြုအမူတစ်ခုဖြစ်ပါတယ်။ ဒါဆိုရင် ကမ္ဘာတစ်ဝှမ်းမှာ ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်တတ်ကြလဲ ?
အမေရိကန်နိုင်ငံ 🇺🇸
ချီကာဂိုမြို့မှာ နှင်းကျတဲ့ ရက်တွေဟာ ပါကင်နေရာလုတဲ့ တိုက်ပွဲနေ့တွေပါပဲ။ (၃) ပေလောက်ထူတဲ့ နှင်းတွေထဲက ကိုယ့်ကားကို ထုတ်ပြီးသကာလမှာ ရှင်းလင်းထားတဲ့နေရာကို သူများတွေမလုဖို့ နည်းလမ်းမျိုးစုံနဲ့ ဦးကြပါတော့တယ်။ ခုံအဟောင်းတွေ၊ မီးပူထိုးတဲ့ စားပွဲခုံတွေ၊ ကလေးတွန်းလှည်းတွေနဲ့ ခရစ်စမတ်သစ်ပင်တွေအထိပါ သုံးပြီး နေရာဦးကြတာကို တွေ့ရပါတယ်။ ဒါကို “ချီကာဂို နေရာဦးခြင်း” (Chicago dibs) လို့ နာမည်တပ်ပြီး ချီကာဂိုရဲ့ ထုံးတမ်းစဥ်လာတစ်ခုလို့တောင် သတ်မှတ်ကြပါတယ်။ တစ်ခါတစ်လေ နေရာဦးဖို့ သုံးထားတဲ့ ပစ္စည်းတွေက ရယ်ရလွန်းတဲ့အတွက် ဓာတ်ပုံရိုက်ပြီး အင်တာနက်ပေါ်မှာ တင်လေ့ရှိကြပါတယ်။

ဖိလစ်ပိုင်နိုင်ငံ 🇵🇭
မနီလာမြို့ရဲ့ ပါကင်ဦးခြင်းကလည်း တစ်မျိုးဆန်းပါတယ်။ ကားပိုင်ရှင်တွေက လမ်းထဲက ကလေးတွေ၊ ဦးလေးကြီးတွေကို မုန့်ဖိုးပေးပြီး နေရာကို ဦးခိုင်း၊ စောင့်ကြည့်ခိုင်းကြတာပါ။ ဘာပစ္စည်းမှ မရှိလို့ ပါကင်ထိုးလို့ရမယ်လို့ မထင်လိုက်ပါနဲ့။ ဘယ်ကမှန်းမသိထွက်လာတဲ့ လူတစ်ယောက်က အစောင့်လိုမျိုး ပေါ်လာပြီး နှင်ထုတ်ပါလိမ့်မယ်။
ဗီယက်နမ်နိုင်ငံ 🇻🇳
ဟနွိုင်းနဲ့ ဆိုင်ဂွန်မြို့တွေမှာတော့ ပလတ်စတစ်ခုံပုလေးတွေ သုံးကြတာကို တွေ့ရပါတယ်။ လမ်းဘေးတုတ်ထိုးဆိုင်မှာ တွေ့ရတဲ့ ခုံပုလေးတွေဟာ ဗီယက်နမ်သားတွေအတွက်တော့ ပါကင်ဦးဖို့ အသုံးဝင်ဆုံးပေါ့။
ပါကစ္စတန်နိုင်ငံ 🇵🇰 နဲ့ အိန္ဒိယနိုင်ငံ 🇮🇳
ဒီနိုင်ငံတွေမှာတော့ အုတ်ခဲ၊ ကျောက်တုံး၊ ပရိဘောဂအဟောင်း ကနေ ဆိတ်ကို တိုင်မှာ ချည်ပြီးတော့တောင် ကားထိုးစရာနေရာကို ဦးဖို့ အားစိုက်ထုတ်ကြပါတယ်။ ထားထားတဲ့ ပစ္စည်းကို ဖယ်ပြီး ကားထိုးတာဟာ လမ်းတစ်လမ်းလုံးနဲ့တောင် ပြဿနာတက်နိုင်တဲ့အထိ ပြင်းထန်လို့ ဆိုကြပါတယ်။

ထိုင်းနိုင်ငံ 🇹🇭
ဘန်ကောက်မြို့ရဲ့ ပါကင်နေရာဦးခြင်းကတော့ ဆဌမအာရုံဆန်ပါတယ်။ ဘာပစ္စည်းမှ မထားထားပေမယ့် စိတ်ထဲမှာ သူတို့နေရာလို့ သတ်မှတ်ထားကြတာပါ။ နားလည်မှုနဲ့ ဒါဟာ ဘယ်သူ့နေရာလို့ သတ်မှတ်ကြတဲ့ အကျင့်ကို တွေ့ရပါတယ်။ ဒီလိုနေရာမျိုးမှာ ကားထိုးမိတယ်ဆိုရင် မိန်းမကြီးကနေ အနားက ဈေးသည်အထိ ကားရပ်လို့မရကြောင်း လာပြောတာကို ခံရမှာပါ။ တခြားနိုင်ငံတွေနဲ့ မတူတာကတော့ ယဥ်ယဥ်ကျေးကျေး ပြောတတ်ကြတာပါပဲ။
စပိန်နိုင်ငံ 🇪🇸
စပိန်နိုင်ငံရဲ့ မြို့တွေမှာတော့ လမ်းတားတဲ့ ကတော့ (Traffic cone)၊ ရေပုံးနဲ့ တံမြက်စည်းတွေအထိ သုံးပြီး နေရာဦးကြတဲ့ အကျင့်ရှိကြပါတယ်။ တစ်ခါတစ်ရံ သူများအိမ်ရှေ့ကိုတောင် နေရာဦးတတ်ကြတဲ့ စပိန်သားတွေရဲ့ ပါကင်နေရာကို ထိုးမိရင်တော့ သက်ပြင်းအရှည်ကြီးချပြီး အပြောခံရဖို့ အသင့်ပြင်ထားလိုက်ပါတော့။

နိုင်ငံတကာရဲ့ ပါကင်နေရာဦးတဲ့ အမူအကျင့်တွေက နိုင်ငံနဲ့ ယဥ်ကျေးမှုအလိုက် ကွာခြားသွားပေမယ့် တူညီတာတစ်ခုကတော့ ဒီအပြုအမူရဲ့ အဓိပ္ပါယ်ပါ။ သေးငယ်တဲ့ အုတ်ခဲတစ်ချပ်ကနေ ကြီးကြီးမားမား ခရစ်စမတ်သစ်ပင်အထိ ဦးထားတဲ့ ပါကင်နေရာကို ထိလို့မရဘူးဆိုတာ နိုင်ငံတကာက လက်ခံထားတဲ့ နားလည်မှုတစ်ခုပါပဲ။
စာဖတ်ပရိသတ်တွေထဲမှာကော ဘယ်လိုထူးထူးဆန်းဆန်း ပစ္စည်းတွေနဲ့ ကားပါကင်ဦးတာကို ကြုံခဲ့ကြရဖူးပါသလဲ ? မှတ်မိတာရှိရင် ပြောပြခဲ့ကြပါဦး ..