အင်္ဂလန်အသင်းနည်းပြသစ် တူချယ်လ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကစားဖို့ မတ်(၁၄)ရက်(ဒီနေ့)မှာ သူ့ရဲ့ပထမဆုံးလူစာရင်းကို ထုတ်ပြန်ခဲ့ရာ အက်စတွန်ဗီလာတိုက်စစ်ကစားသမား ရပ်ရှ်ဖိုဒ့် ပြန်လည်ပါဝင်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလက မန်ယူနိုက်တက်အသင်းကနေ အငှားနဲ့ပြောင်းရွှေ့ပြီး အက်စတွန်ဗီလာအသင်းအတွက် ခြေစွမ်းပြသနေတဲ့ ရပ်ရှ်ဖိုဒ့်ဟာ ပြီးခဲ့တဲ့နှစ် မတ်က ဘရာဇီးလ်အသင်းနဲ့ ခြေစမ်းပွဲမှာ အင်္ဂလန်အသင်းအတွက် နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားထားတာပါ။
ရပ်ရှ်ဖိုဒ့်ဟာ အက်စတွန်ဗီလာအသင်းအတွက် သွင်းဂိုးမရရှိသေး ပေမယ့် ဂိုးဖန်တီးမှု(၄)ကြိမ်ပြုလုပ်ကာ ခြေစွမ်းပြနေတာကြောင့် နည်းပြတူချယ်လ်ဟာ သူ့ကို အင်္ဂလန်အသင်းလူစာရင်းထဲ ပြန်လည်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ တူချယ်လ်ဟာ အိုင်းယက်စ်အသင်းမှာ ကစားနေတဲ့ ဝါရင့်ကွင်းလယ်လူ ဂျော်ဒန်ဟန်ဒါဆန်ကိုလည်း အင်္ဂလန်လူစာရင်းထဲ ပြန်လည်ခေါ်ယူခဲ့ပါတယ်။ ဟန်ဒါဆန်ဟာ ၂၀၂၃ ခုနှစ်၊နိုဝင်ဘာက မော်လ်တာအသင်းနဲ့ပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် နောက်ဆုံးပါဝင်ကစားထားခဲ့တာပါ။

တူချယ်လ်ဟာ အင်္ဂလန်သက်တမ်းလိုက်အသင်းတွေမှာ တစ်ပွဲမှပါဝင်ကစားခဲ့ဖူးခြင်းမရှိသေးတဲ့ နယူးကာဆယ်နောက်ခံလူ ဒန်ဘန်းကို ပထမဆုံးအကြိမ်လူစာရင်းထဲမှာ ရွေးချယ်ခဲ့ပါတယ်။ ဒန်ဘန်းဟာ နယူးကာဆယ်အသင်းမှာ ပုံမှန်ကစားခွင့်ရရှိပြီး တည်ငြိမ်တဲ့စွမ်းဆောင်ရည်တွေကို ပြသထားတာကြောင့် သူ့အတွက် အင်္ဂလန်အသင်းမှာ ပါဝင်ခွင့်ရဖို့ အခွင့်အရေးရရှိခဲ့တာပါ။ တူချယ်လ်ဟာ ဒီရာသီ အာဆင်နယ်အသင်းမှာ ခြေစွမ်းပြနေတဲ့ စကယ်လီကိုလည်း အင်္ဂလန်အသင်းလူစာရင်းထဲ ရွေးချယ်ခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအဖြစ် မတ်(၂၁)ရက်မှာ အယ်လ်ဘေးနီးယား၊(၂၄)ရက်မှာ လတ်ဗီးယားအသင်းတို့နဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Discussion