နည်းပညာတိုက်ပွဲတွေပါ ပါဝင်လာပြီလား
အမေရိကန်စစ်တပ်ကနေ ထိပ်တန်းနည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Meta, OpenAI နဲ့ Palantir (ဆော့ဖ်ဝဲထောက်လှမ်းရေး နည်းပညာကုမ္ပဏီ) တို့ရဲ့ အကြီးတန်းနည်းပညာရှင်များကို စစ်တပ်အရာရှိအဖြစ် တစ်ပတ်အတွင်း တာဝန်ထမ်းဆောင်ရန် အမိန့်ပေးလာပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အမေရိကန်စစ်တပ်ကနေ “Executive Innovation Corps” လို့ အမည်ရတဲ့ Detachment 201 အထူးတပ်ခွဲအဖွဲ့သစ်ကို ဖွဲ့စည်းလိုက်ပြီး ဒီအထူးတပ်ဖွဲ့အသစ်မှာ Meta, OpenAI နဲ့ Palantir တို့ရဲ့ အကြီးတန်းနည်းပညာရှင်များက ပါဝင်ထမ်းဆောင်ရမယ်လို့ ဆိုလာတာပါ။
ဒီအဖွဲ့မှာဆိုရင် Andrew Bosworth (Meta CTO), Kevin Weil (OpenAI CPO) , Shyam Sankar (Palantir CTO) နဲ့ Bob McGrew (OpenAI အရင်က သုတေသနအကြီးအကဲ) တို့ ပါဝင်ပြီး Lieutenant Colonel (စစ်တပ်အရာရှိ) အဆင့်ဖြင့် ခန့်အပ်ထားတဲ့အပြင် အချိန်ပိုင်းအနေနဲ့ တာဝန်ထမ်းဆောင်ရမယ်လို့ ဆိုပါတယ်။
ဘာလို့ နည်းပညာကုမ္ပဏီတွေအများကြီးရှိပါရက် ဒီကုမ္ပဏီ ၃ ခုကိုမှ ရွေးချယ်ရတာလဲဆိုတော့။ Meta ကုမ္ပဏီအနေနဲ့ စစ်ဘက်ဆိုင်ရာတွေမှာ အသုံးပြုနိုင်ရန် VR , AR တွေ ထုတ်လုပ်ဖို့ စစ်တပ်နဲ့ မကြာသေးတဲ့ အချိန်တစ်ခုမှာတည်းက ပူးပေါင်းမှုတွေရှိနေလို့ပါ။ OpenAI ကတော့ စစ်ဘက်ဆိုင်ရာ AI နည်းပညာကို ပံ့ပိုးနေတာဖြစ်ပြီး Palantir ကတော့ စစ်ဘက်ဆိုင်ရာ ယာဉ်များကို ထိန်းချုပ်ဖန်တီးတဲ့ ဆော့ဖ်ဝဲနည်းပညာကို ပံ့ပိုးပေးနေတာကြောင့်ဖြစ်ပါတယ်။
အဖွဲ့ဖွဲ့စည်းရတဲ့ အဓိကရည်ရွယ်ချက်ကတော့ စစ်တပ်နဲ့ နည်းပညာ အချိတ်အဆက်တွေကို တိုးချဲ့စေဖို့အပြင် စစ်ရေးစစ်ရာပိုင်းတွေမှာ နည်းပညာနဲ့ပတ်သက်ပြီး အကြံဥာဏ်များရယူလိုခြင်းလို့ ဆိုထားပါတယ်။ အမေရိကန်စစ်တပ်ရဲ့ နည်းပညာပိုင်းကို တဆင့်မြှင့်တင်သွားမယ့်အပြင် ဖြစ်ပေါ်လာတဲ့ ပြဿနာများကို နည်းပညာပိုင်းနဲ့လည်း အချိန်တိုအတွင်း ဖြေရှင်းနိုင်ဖို့အတွက် စီစဉ်နေခြင်းဖြစ်ပါတယ်။
စီးပွားရေးနည်းပညာနယ်ပယ်မှ ထိပ်တန်းဦးနှောက်များကို စစ်ရေးအတွက် အသုံးချခြင်းဖြင့် နည်းပညာစစ်ပွဲတွေကိုလည်း ကြိုတင်ပြင်ဆင်နေတယ်လို့ပဲ ဆိုရမလား။ ဒါဟာအစဆိုရင် ထပ်ပြီး ဘယ်နယ်ပယ်က နည်းပညာရှင်တွေကိုလည်း အမေရိကန်စစ်တပ်က ခေါ်ယူမလဲဆိုတာ စိတ်ဝင်စားစရာဖြစ်နေပါပြီ...