အဲ့တုန်းက မြန်မာနိုင်ငံမှာ အင်တာနက်ဆိုတာ ရွှေထက်ရှားခဲ့တဲ့အရာ...၊ နိုင်ငံတော်ပိုင်းဆိုင်ရာနဲ့ နည်းပညာကျောင်းတွေမှာလောက်ပဲ ကွန်ပျူတာဆိုတာ ရှိခဲ့တုန်း၊ ကွန်ပျူတာဆိုလည်း Tube ကြီးတွေနဲ့ Blue Screen ကြီးတွေနဲ့ ရာဘာဘောလုံံးပါတဲ့ Mouse ကြီးတွေတဒုံးဒုံးနဲ့။
ကျွန်တော် ကွန်ပျူတာစမြင်ဖူးတာ Microsoft Windows 98, နဖူးတွေ့ ဒူးတွေ့ ကွန်ပျူတာကိုင်ဖူးတော့ Windows Xp ဖြစ်နေပြီ။ အဲ့နောက်တော့ Windows 7 ထွက်လာတယ်။ Windows XP မှာ Mini Game တွေဆော့ချင်လို့ ကွန်ပျူတာသင်တန်း တက်ချင်ပါတယ်ဆိုပြီး အိမ်ကလူကြီးတွေကို အတင်းညာပြီး သင်တန်းတက်ခဲ့ဖူးတယ်။ နယ်မှာဆိုတော့ ကွန်ပျူတာ ချောက်ချက် အစုတ် ၂ လုံးလောက်နဲ့ တစ်လှည့်စီ ဒါက Monitor, ဒါက Mouse, ဒါက Keyboard ဆိုပြီး သင်ရတာ ပြီးရင် ဂိမ်းဆော့ပြီ။ အဲ့တုန်းက မှတ်မှတ်ရရ ၃ တန်းပဲရှိသေးတယ်။ ဖုန်းတောင် ကြိုးဖုန်းပဲရှိကြသေးတယ်။
အဲ့နောက် ၃တန်း နွေရာသီကျောင်းပိတ်ရက် ရောက်တော့ ဝုန်းဆို Windows 7 နဲ့ Defense of the Ancients (DotA), Counter-Zero, General, Yuri စပြီးသိလာရတယ်။ အဲ့တုန်းက ဂိမ်းဆိုင်မှာပဲ ကွန်ပျူတာသုံးရတာကိုး...။ တစ်နာရီကို ၅၀၀ လောက်ပေးရတယ်။ အင်တာနက်မပါဘူး။ LAN ချိတ်ပြီးပဲ ဂိမ်းဆော့ကြတာ။ ဂိမ်းဆော့လို့ပျင်းလာရင် Typing ကျင့်တယ်။ ကွန်ပျူတာ Setting တွေ File Directory တွေမွှေတယ်။ File တွေပျက်လို့ ဆိုင်ရှင်ကဆဲရင် နောက်တစ်ပတ်လောက် ဆော့ခွင့်မပေးတော့ဘူး။ Ban ခံရတယ်ဆိုပါတော့။ နယ်မှာ ဆိုင်ကလည်း ရှားတော့ ကလိပြီးလို့ ပျက်ရင် ကျွန်တော်ကတော့ မသိမသာစက်ပိတ်ပြီး ပြေးတာပဲ :3
အဲ့နောက် အင်တာနက်တွေစပေါ်လာတယ်။ ၂၅ သိန်းတန် GSM Sim တွေစပေါ်လာတယ်။ အိမ်မှာ လူကြီးတွေက အလုပ်အတွက်မရှိမဖြစ်လိုလို့ အရင်တုန်းက ကြိုးဖုန်းဆင်ထားပေမယ့် ကြိုးဖုန်းက တိုင်ထောင်ရလို့ ဖုန်းပြောင်းဝယ်ပါလေရော၊ ဖုန်း Sim တစ်ခုရဖို့ မန္တလေးကို ခရီးပါထွက်ပြီး သွားယူခဲ့ရတာပေါ့။ ပြန်လာတော့ လက်ဖဝါးလောက်ရှိတဲ့ Nokia 1208 လေးပါလာတယ်။ ဖုန်းကိုယူပြီး ဓာတ်ပုံရိုက်ကြည့်၊ ဟိုခေါ်ဒီခေါ် လကုန်ဖုန်းဘေလ်ဆောင်လို့ အများကြီးကျရင် ရိုက်ပါရိုက်ခံရတာ အမှတ်တရပဲ။
နောက်တော့ အင်တာနက် Culture ကိုစသိတယ်။ အကို တက္ကသိုလ်ကျောင်းသားက မိတ်ဆက်ပေးခဲ့တာပေါ့။ VZO, Skype, Gtalk မှာ စကားပြော၊ VC call ကျတာအမှတ်တရပဲ။ အဲ့တုန်းက Gmail ဖွင့်တတ်ရင် အကောင်ပဲ။ သူဌေးပါဖြစ်နိုင်တယ်။ Gmail တစ်ကောင့်ကို ၁၀၀၀၀ ထိပေါက်တယ်။ ကျွန်တော့်ကို အကောင့်ဖွင့်ပေးတာ အကို့သူငယ်ချင်း၊ မှတ်မှတ်ရရ Gmail မှာ နာမည်က moethazin13 ဆိုပြီးဖြစ်ခဲ့တာပေါ့။ Gtalk မှာစကားပြောတယ်။ ရှေ့ကလူ Gtalk ပြောပြီး အကောင့်မထွက်ခဲ့ရင် တွေ့တဲ့သူ Hi ပြီး ပေါက်ကရတွေပြောပစ်ခဲ့တာ။ ကိုယ်တွေကြောင့် ရည်းစားနဲ့ပြတ်တဲ့သူလည်း ရှိရင်ရှိမှာ Gtalk မှာ ညှောင့်လို့ပေါ့ဗျာ။
အဲ့နောက်တော့ Huawei ဖုန်းတွေတစ်ဖြည်းဖြည်းပေါလာ၊ GSM,CDMA Sim Card တွေလည်းပေါ၊ Internet Service ကို တစ်သောင်းသပ်သပ် ပေးဖွင့်ဖို့မလို၊ လကုန်ဖုန်းဘေလ်ကိုလည်း ရုံးသွားဆောင်စရာမလိုပဲ Pre-paid Top Up တစ်ဖြည်းဖြည်းနဲ့ တိုးတက်လာလိုက်တာ ခုတော့ VPN တွေဘာတွေတော့ ပြန်သုံးနေရတယ်။ ပြောရရင် မြန်မာနိုင်ငံ Internet Culture က နယ်ဖက်တွေမှာ အတော်လေး တိုးတက်တာမြန်တယ်ပြောရမယ်။ နေ့ချင်းညချင်း ဖုန်းတွေ၊ အင်တာနက်၊ Facebook တွေ ဗြောင်းဆန်အောင်ပေါလာခဲ့တာပဲ။
ဘာရယ်မဟုတ်ပါဘူး။ Gtalk ခေတ်တုန်းက စကားပြောဖူးတဲ့ အမကြီး ဒီနေ့ မင်္ဂလာဆောင် ပုံတင်တာတွေ့လို့ ငယ်ငယ်ကနေ ခုအင်တာနက်ခေတ်ကို ဘယ်လိုရောက်လာလဲ ပြန်ဖောက်သည်ချတာပါ။
Discussion