စပိန်လက်ရွေးစင်အသင်းနည်းပြလူးဝစ်ဒယ်လာဖွန်တေးက နယ်သာလန်အသင်းနဲ့ ကစားရမယ့် UEFA Nations League ကွာတားဖိုင်နယ်ပွဲ(၂)ပွဲအတွက် စပိန်အသင်းလူစာရင်းကို ရွေးချယ်တဲ့အခါမှာ ပရိသတ်အတော်များများနဲ့ ယဉ်ပါးခြင်းမရှိတဲ့ လူငယ်ကစားသမားတစ်ဦးပါဝင်လာပါတယ်။
သူက အသက်(၁၉)နှစ်အရွယ်သာရှိသေးပြီး လူသိနည်းတယ်ဆိုပေမယ့် ပရီးမီးယားလိဂ်ပုံမှန်ကြည့်တဲ့ပရိသတ်တချို့ကတော့ ဘုန်းမောက်အသင်းနောက်တန်းမှာ အရပ်မြင့်မြင့်မားမားနဲ့ ခြေစွမ်းပြနေတဲ့ ဒီကစားသမားကို သတိထားမိကြမှာပါ။

ဒီကစားသမားနာမည်က ဒင်းန်ဟွိုက်ဆန်ဖြစ်ပြီး အရပ်(၆)ပေ(၆)လက်မ မြင့်မားသူဖြစ်ပါတယ်။ အရပ်မြင့်သူပီပီ အပေါ်ဘောတွေကို ခေါင်းတိုက်ရှင်းထုတ်ရာမှာ အားထားရသူဖြစ်ပြီး ဘုန်းမောက်အသင်းနောက်တန်းမှာ သူ့ကိုကျော်ဖြတ်နိုင်တဲ့အပေါ်ဘောဆိုတာ အတော်ရှားပါတယ်။
ကွင်းလယ်ဗဟိုကစားတဲ့ ဟွိုက်ဆန်ဟာ ပြိုင်ဘက်အသင်းတွေရဲ့ထိုးဖောက်မှုတွေကို မိမိကွင်းဘက်ခြမ်း Final Third Zone Line ကနေ ဘောလုံးလမ်းကြောင်းဖြတ်တောက်တာရော၊ ဘောလုံးဖျက်ထုတ်တာရော ကျွမ်းကျင်ပိုင်နိုင်သူဖြစ်ပါတယ်။

ဟွိုက်ဆန်အနေနဲ့ နောက်တန်းမှာသာ ကျွမ်းကျင်တာမဟုတ်ဘဲ ကွင်းလယ်အထိတက်ပြီး ရှေ့တန်းကို အပေါ်ဘောတွေ ကန်တင်ပေးပို့တာမှာလည်း တိကျမှန်ကန်သူဖြစ်ပါတယ်။ ဒါကြောင့် အချိန်တိုအတွင်း စပိန်အသင်းနည်းပြအဖွဲ့က သူ့ကို စီနီယာအသင်းကြီးအတွက် ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။
ဟွိုက်ဆန်ဟာ စပိန်နိုင်ငံကို ကိုယ်စားပြုပေမယ့် သူကိုယ်ထဲမှာ ဒတ်ချ်သွေးတွေ စီးဆင်းနေပြီး ဒတ်ချ်လူမျိုး မိဘနှစ်ပါးက နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူ့အသက်(၅)နှစ်အရွယ်မှာ မိသားစုလိုက် စပိန်နိုင်ငံကို ရွှေ့ပြောင်းခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကမှ စပိန်နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရတာဖြစ်ပါတယ်။
ဖခင်ဖြစ်သူဒွန်နီဟွိုက်ဆန်က နယ်သာလန်ကလပ် အိုင်းယက်စ်အရန်အသင်းမှာ ကစားခဲ့တဲ့ ဘောလုံးသမားတစ်ဦးဖြစ်ပြီး ဟွိုင်ဆန်က ဖခင်ခြေရာကို နင်းနိုင်တဲ့သားတစ်ဦးဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် သူ့ဖခင်အတွက် ဝမ်းနည်းဝမ်းသာဖြစ်စရာတစ်ခုက သူ့ရဲ့သားဖြစ်သူက ဒီတစ်ပတ်ကစားမယ့် နယ်သာလန်-စပိန် UEFA Nations League ကွာတားဖိုင်နယ်ပွဲမှာ သူ့ရဲ့ မူလဌာနေမိခင်နိုင်ငံဖြစ်တဲ့ နယ်သာလန်နိုင်ငံကိုယ်စားပြုလက်ရွေးစင်အသင်းကို ပြိုင်ဘက်အဖြစ်ကစားတော့မှာပါ။

ဟွိုက်ဆန်အနေနဲ့ သူ့ရဲ့မွေးရပ်မြေနဲ့ မိဘမျိုးနွယ်ဘိုးဘွားတွေရှိရာ အရပ်က နယ်သာလန်လက်ရွေးစင်အသင်းနဲ့စပိန်လက်ရွေးစင်အသင်းရင်ဆိုင်မယ့်ပွဲမှ စပိန်လက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံရတာလည်း ကံကြမ္မာဇာတ်ဆရာက ရေးဆွဲတဲ့ ကြံကြံဖန်ဖန်တိုက်ဆိုင်မှုဖြစ်နေပါတယ်။
အရည်အသွေးရှိလူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ စပိန်လက်ရွေးစင်အသင်းမှာ အောင်မြင်ထင်ရှားတဲ့ကစားသမားတစ်ဦးဘ၀ကို ဟွိုက်ဆန် ပိုင်ဆိုင်နိုင်မလားဆိုတာကတော့ ကြည့်ရမှာပါပဲ။
Discussion