နယူးကာဆယ်ကို မတူညီခြားနားတဲ့ပုံစံနဲ့ ပြန်ရောက်ရှိလာတဲ့ ဂူတီယာရက်ဇ်
ဂျိုနပ်စ်ဂူတီယာရက်ဇ်ဆိုတာ တစ်ချိန်က နယူးကာဆယ်အသင်းကွင်းလယ်မှာ ပရိသတ်တွေ နှစ်သက်ကြတဲ့ကစားသမားတစ်ဦးပါ။
လက်ရှိနယူးကာဆယ်အသင်းက ဂွီမာရေ့စ်၊ ဂျိုလင်တန်အစရှိတဲ့ ကွင်းလယ်ကစားသမားတွေလိုပဲ အာဂျင်တီးနားလက်ရွေးစင်ဂူတီယာရက်ဇ်က ပရိသတ်တွေကြား ရေပန်းစားထင်ရှားခဲ့သူတစ်ဦးပါ။
သူ နယူးကာဆယ်အသင်းကို စရောက်လာတဲ့ ၂၀၀၈-၀၉ ရာသီမှာ အသင်းတန်းဆင်းသွားခဲ့တော့ ဂူတီယာရက်ဇ်ဟာ နယူးကာဆယ်က လုံးလုံးမခွာခဲ့ဘဲ ပရီးမီးယားလိဂ်ကို တန်းပြန်တက်ဖို့ အကူအညီပေးခဲ့ပါတယ်။

နယူးကာဆယ်အတွက် ပြိုင်ပွဲစုံ(၂၀၅)ပွဲကစားပေးခဲ့တဲ့ ဂူတီယာရက်ဇ်ဟာ ၂၀၁၃ ခုနှစ်မှာတော့ ဘ၀ကံကြမ္မာပြောင်းလဲခဲ့ပြီး ကပ်ပယ်အိတ်ကင်ဆာရောဂါကို ခံစားခဲ့ရပါတယ်။ ဒီရောဂါကို ဆေးဝါးကုသမှုခံယူပြီး သူ့အနေနဲ့ ကြံကြံခံတွန်းလှန်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ အသင်းက သူ့ကို အယုံအကြည်နည်းလာပြီး နေရာမပေးတော့တာကြောင့် အသင်းနဲ့ လမ်းခွဲခဲ့ရတာပါ။
အခုတော့ နယူးကာဆယ်အသင်းတည်ရှိရာ နယူးကာဆယ်မြို့(Newcastle upon Tyne)ကို ချစ်တဲ့ ဂူတီယာရက်ဇ်ဟာ ဒီမြို့ကို မတူခြားနားတဲ့ပုံစံတစ်မျိုးနဲ့ရောက်လာခဲ့ပါတယ်။
နယူးကာဆယ်မြို့အလယ် လမ်းမဘေး ပလက်ဖောင်းပေါ်မှာ ဂီတာတီးပြီး BUSKING (လမ်းသွားလမ်းလာများထံမှ ငွေကြေး အလှူငွေရရှိရန် ဂီတဖြင့်ဖျော်ဖြေခြင်း)လုပ်နေတဲ့ ဂူတီယာရက်ဇ်ကို နယူးကာဆယ် မြို့သူမြို့သားတွေ တွေ့ရှိခဲ့ကြပါတယ်။

သူတို့ရင်းနှီးနေတဲ့မျက်နှာကို တွေ့မြင်ရရာမှ နယူးကာဆယ်ကစားသမားဟောင်း ဂူတီယာရက်ဇ်ဆိုတာကို သတိထားမိသွားကြပြီး ငွေကြေးထည့်ဝင်ကြရုံမက အချို့ကလည်း ဓါတ်ပုံရိုက်ကာ ဆိုရှယ်မီဒီယာမှာ တင်ခဲ့ကြပါတယ်။
နယူးကာဆယ်အသင်းမှာ ကျားကုတ်ကျားခဲ ကြိုးစားကစားတတ်တာကြောင့် "El galgo"(greyhound = အမဲလိုက်ခွေး)လို့ နာမည်ပြောင်ပေးခံထားရတဲ့ ဂူတီယာရက်ဇ် ကိုယ်တိုင်ကလည်း သူ့ရဲ့Instagram မှာ "ဒီမြို့က ကျွန်တော့်ရဲ့မြို့၊ ကျွန်တော့်ရဲ့အိမ်ပါ။ ကျွန်တော်က Geordie (နယူးကာဆယ်မြို့သားများကို ခေါ်ဝေါ်သည့်နာမည်ပြောင်)တစ်ယောက်ပါ။ ဒီမြို့ကို ကျွန်တော်ချစ်ပါတယ်။ ဒီမြို့က လူတွေကို ကျွန်တော်ချစ်ပါတယ်"လို့ ရေးခဲ့ပါတယ်။