နယူးကာဆယ်နဲ့ပွဲမှာ ဂိုးသမားအိုနာနာကို ပွဲထွက်လူစာရင်းက ချန်လှပ်ဖို့ နည်းပြအာမိုရင် စဉ်းစား
ပေါ်တူဂီလူမျိုးနည်းပြအာမိုရင်ဟာ နယူးကာဆယ်-မန်ယူနိုက်တက် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကင်မရွန်းဂိုးသမားအိုနာနာကို အသင်းရဲ့ပွဲထွက်လူစာရင်းက ချန်လှပ်ဖို့စဉ်းစားနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
အိုနာနာဟာ ပြီးခဲ့တဲ့ လိုင်ယွန်(၂-၂)မန်ယူနိုက်တက် ယူရိုပါလိဂ်ကွာတားဖိုင်နယ်(ပထမအကျော့)ပွဲစဉ်မှာ အမှားအယွင်း(၂)ကြိမ်ပြုလုပ်ခဲ့ပြီး ဒီအမှားအယွင်းတွေကြောင့် လိုင်ယွန်အသင်းကို သွင်းဂိုးတွေခွင့်ပြုခဲ့ရတာပါ။
မန်ယူနိုက်တက်အသင်းနည်းပြအာမိုရင်ဟာ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဂိုးသမားအိုနာနာကို ဝေဖန်မှုပြုလုပ်ဖို့ငြင်းဆန်ခဲ့ပြီး ကာကွယ်တဲ့စကားပြောခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြအာမိုရင်ဟာ နယူးကာဆယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အိုနာနာကို ပွဲထွက်လူစာရင်းကချန်ဖို့ စဉ်းစားနေတယ်လို့ Daily Mail က ဖော်ပြထားတာပါ။ အဲ့ဒါကြောင့် မန်ယူနိုက်တက်အသင်းရဲ့နံပတ်(၂)ဂိုးသမားဖြစ်သူ တူရကီဂိုးသမား ဘယင်ဒါဟာ သူ့ရဲ့ပထမဆုံးပရီးမီးယားလိဂ်ပွဲစဉ်ကို ပါဝင်ကစားခွင့်ရမယ့် အခွင့်အရေးရရှိနိုင်တာဖြစ်ပါတယ်။
မန်ယူနိုက်တက်အသင်းနည်းပြ အာမိုရင်ဟာ နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာ ဂိုးသမားနေရာအပြင် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအများအပြားပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဂိုးသမားအိုနာနာဟာ မန်ယူနိုက်တက်အသင်းကို ရောက်ရှိလာပြီးကတည်းက ပြုလုပ်ခဲ့တဲ့ အမှားအယွင်းတွေကြောင့် မကြာခဏဆိုသလိုဝေဖန်ခံနေရပြီး လိုင်ယွန်အသင်းမှာကစားနေတဲ့ မန်ယူနိုက်တက်အသင်းကွင်းလယ်လူဟောင်း မာတစ်က သူ့ကို မန်ယူနိုက်တက်အသင်းသမိုင်းမှာ အဆိုးရွားဆုံးဂိုးသမားတွေထဲက တစ်ဦးလို့ဆိုခဲ့တာပါ။
မန်ယူနိုက်တက်အသင်းဟာ အိုနာနာကို နွေရာသီမှာ ရောင်းချဖို့အစီအစဉ်ရှိပေမယ့် သူကတော့ ထွက်ခွာမှာမဟုတ်ဘဲ နေရာရဖို့အတွက် တိုက်ပွဲဝင်သွားမယ်လို့ ဆိုထားပါတယ်။ မန်ယူနိုက်တက်အသင်းဟာ အနာဂတ်အတွက်ရည်ရွယ်ကာ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ဂိုးသမားအသစ်တွေ ခေါ်ယူသွားဖို့အစီအစဉ်ရှိနေတာဖြစ်ပါတယ်။