Opta ရဲ့ စူပါကွန်ပြူတာတွက်ချက်မှုအတိုင်း ချန်ပီယံလိဂ်မှာ ဘာစီလိုနာ အောင်ပွဲခံမလား
ချန်ပီယံလိဂ်ပြိုင်ပွဲက ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်လာခဲ့ပြီး အသင်း(၈)သင်းက ဒီရာသီချန်ပီယံဆုကို အပြိုင်လုယူကြမှာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲတွေ မကစားမီ ဘောလုံးအချက်အလက်ဝက်ဘ်ဆိုက် Opta က ထုံးစံအတိုင်း ဒီပြိုင်ပွဲမှာ ချန်ပီယံဆုရယူနိုင်တဲ့ ဖြစ်နိုင်ခြေရာခိုင်နှုန်းတွေ၊ ဗိုလ်လုပွဲ တက်ရောက်နိုင်တဲ့ ဖြစ်နိုင်ခြေရာခိုင်နှုန်းတွေ၊ ဆီမီးဖိုင်နယ်တက်ရောက်နိုင်တဲ့ ဖြစ်နိုင်ခြေရာခိုင်နှုန်းတွေကို တွက်ချက်ပြီး ထုတ်ပြန်ပေးခဲ့ပါတယ်။
Opta ရဲ့ တွက်ချက်မှုအရ စပိန်ကလပ် ဘာစီလိုနာအသင်းက ချန်ပီယံဖြစ်နိုင်ခြေ၊ ဗိုလ်လုပွဲတက်ရောက်နိုင်ခြေ၊ ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခြေရာခိုင်နှုန်းတွေမှာ အခြားဘယ်အသင်းထက်မဆို အသာရနေပါတယ်။ ဘာစီလိုနာက ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခြေ (၇၈.၂%)အထိတောင်ရှိနေပြီး၊ ဗိုလ်လုပွဲတက်ရောက်နိုင်ခြေက (၄၄.၃%)၊ ချန်ပီယံဖြစ်နိုင်ခြေက (၂၃.၁%)အထိ ရှိနေတာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ကွာတားဖိုင်နယ်အဆင့်မှာ ဒေါ့မွန်အသင်းနဲ့ဆုံတွေ့နေတာကြောင့်လည်း ဆီမီးဖိုင်နယ်ကို တက်ရောက်ဖို့ အခွင့်အလမ်းအကောင်းဆုံးအသင်းအဖြစ် ရာခိုင်နှုန်းအပြတ်အသတ် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒေါ့မွန်အသင်းဟာ ကွာတားဖိုင်နယ်တက် (၈)သင်းထဲမှာ ချန်ပီယံဖြစ်ဖို့ အခွင့်အလမ်းအနည်းဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့အသင်းပါ။
ဘာစီလိုနာအသင်းပြီးရင် ပြင်သစ်လိဂ်မှာ စောစောစီးစီးဗိုလ်စွဲထားပြီး ချန်ပီယံလိဂ်ကို အပြည့်အဝအာရုံစိုက်ကစားတော့မှာဖြစ်တဲ့ PSG အသင်းက ချန်ပီယံဖြစ်ဖို့ ဒုတိယဖြစ်နိုင်ခြေအများဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။ PSG အသင်းက ဆီမီးဖိုင်နယ်တက်ဖို့လည်း ဒုတိယဖြစ်နိုင်ခြေအများဆုံးဖြစ်နေပြီး ဒီလိုဖြစ်ရတာကလည်း ဗီလာအသင်းက ကွာတားဖိုင်နယ်ရောက် (၈)သင်းထဲမှာ ဒေါ့မွန်ပြီးရင် ဒုတိယအားအနည်းဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရတာကြောင့်ပါ။
ထူးခြားတာကတော့ Opta ရဲ့တွက်ချက်မှုမှာ ချန်ပီယံလိဂ်ချန်ပီယံဆု တစ်ကြိမ်တောင်မရဖူးသေးတဲ့ အာဆင်နယ်အသင်းက ဒီပြိုင်ပွဲမှာ (၁၅)ကြိမ်ဗိုလ်စွဲပြီး အအောင်မြင်ဆုံးအသင်းအဖြစ် မှတ်တမ်းဝင်နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းထက် ချန်ပီယံဖြစ်နိုင်ခြေ၊ ဗိုလ်လုပွဲတက်ရောက်နိုင်ခြေ၊ ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခြေတွေမှာ အသာရနေတာပါ။
ဒီလို အသာရနေတဲ့အတိုင်း ရီးရဲလ်မက်ဒရစ်အသင်းကို အာဆင်နယ်ကျော်ဖြတ်နိုင်မလား ... Opta က ချန်ပီယံဖြစ်ဖို့ ဖြစ်နိုင်ခြေအများဆုံးလို့သတ်မှတ်တဲ့အတိုင်း ဘာစီလိုနာအောင်ပွဲခံနိုင်မလားဆိုတာတော့ ဥရောပညတွေမှာ ပရိသတ်တွေ စောင့်ကြည့်ရင်ခုန်ရမှာပါ...