ရီးရဲလ်မက်ဒရစ်အသင်းက ဗီလာရီးရဲလ်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်အပြီးမှာ ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီက ပွဲစဉ်များအကြားမှာ ကစားသမားတွေဟာ အနည်းဆုံး(၇၂)နာရီ အနားယူခွင့်မရရင် ရီးရဲလ်မက်ဒရစ်အသင်းဟာ အနာဂတ်မှာ ဒီလိုမျိုးပွဲတွေကို ကစားဖို့ ငြင်းဆန်မယ်လို့ အတည်ပြုခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ် Round of 16 ဒုတိယအကျော့ပွဲစဉ်ကို ဒေသစံတော်ချိန်ည(၉)နာရီမှာ စတင်ကစားခဲ့ရပြီး ပွဲချိန်မိနစ်(၁၂၀)ကျော်နဲ့ ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရတာကြောင့် ညသန်းခေါင်ယံနီးပါးမှ ပွဲပြီးဆုံးခဲ့တာပါ။ ရီးရဲလ်မက်ဒရစ်အသင်းဟာ နောက်ထပ်ပွဲစဉ်ဖြစ်တဲ့ ဗီလာရီးရဲလ်အသင်းနဲ့ လာလီဂါပွဲစဉ်ကို စနေနေ့ ည ဒေသစံတော်ချိန် (၆ :၃၀)နာရီမှာ စတင်ကစားခဲ့ရပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ဟာ ကစားသမားတွေရဲ့ကျန်းမာရေးကို ကာကွယ်ဖို့အတွက် ပွဲစဉ်တွေအကြား အနည်းဆုံး(၇၂)နာရီ အနားယူဖို့ အကြံပြုထားပါတယ်။ ဒါပေမယ့် ပြိုင်ပွဲစီစဉ်သူတွေသတ်မှတ်ထားတဲ့အချိန်အတိုင်း လာလီဂါအဖွဲ့ချုပ်ဟာ စပိန်လိဂ်တွေရဲ့ပွဲကစားရမယ့်အချိန်တွေကို ဆုံးဖြတ်ခဲ့တာပါ။ ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ န်ဆယ်လော့တီက သူတို့ဟာ (၇၂)နာရီ အနားမယူဘဲ နောက်ထပ်ပွဲတွေကို မကစားဘူးလို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။

အန်ဆယ်လော့တီက "(၇၂)နာရီမတိုင်ခင် ပွဲတစ်ပွဲကို ကစားခဲ့တာဟာ ကျွန်တော်တို့အတွက် နောက်ဆုံးအကြိမ်လို့ထင်ပါတယ်။ ပွဲချိန်ကို နှစ်ကြိမ်ပြောင်းဖို့ လာလီဂါကို ကျွန်တော်တို့တောင်းဆိုခဲ့ပေမယ့် သူတို့မလုပ်ပေးခဲ့ပါဘူး။ ဒါက ဒီလိုမျိုး ကျွန်တော်တို့ နောက်ဆုံးအကြိမ် ကစားခဲ့တာပါ"လို့ ဆိုခဲ့ပါတယ်။
ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းကစားသမားတွေဟာ အလွန်မောပန်းနေခဲ့ပေမယ့် ဗီလာရီးရဲလ်အသင်းကို အနိုင်ရရှိအောင် ကစားခဲ့ပြီး အမှတ်ပေးဇယားအဆင့်(၂)နေရာက ဘာစီလိုနာအသင်းထက် (၂)ပွဲပိုကစားကာ ရမှတ်(၃)မှတ်အသာနဲ့ အဆင့်(၁)နေရာကို တက်နိုင်ခဲ့ပါတယ်။
Discussion