အဲဗာတန် ယူ-၂၁ အသင်းနဲ့ ဘော်တန်အသင်းတို့ဟာ အဲဗာတန်အသင်းရဲ့ကွင်းသစ်ဖြစ်တဲ့ Bramley Moore Dock ကွင်းအတွင်းမှာ မနေ့က ခြေစမ်းပွဲကစားခဲ့ကြပါတယ်။
ဒီပွဲရဲ့ပွဲချိန်(၆၅)မိနစ်မှာ ကွင်းအတွင်း အချက်ပေးခေါင်းလောင်းသံတွေထွက်ပေါ်လာခဲ့ပြီး ပရိသတ်တွေ ကွင်းထဲက အမြန်ဆုံးထွက်ဖို့ ကြေညာခဲ့ပါတယ်။

ဒီပွဲကို လာကြည့်တဲ့ ကွင်းထဲက ပရိသတ်(၂၅၀၀၀)ခန့်လည်း ပွဲဆက်မကြည့်နိုင်တော့ဘဲ ကွင်းပြင်ကို အလျှိုလျှိုထွက်ခွာလာခဲ့ရပါတယ်။
ဒီအချိန်က ဘော်လ်တန်အသင်းကို အဲဗာတန်ယူ-၂၁ အသင်းက(၁-၀)ဂိုးနဲ့ အနိုင်ရရှိနေချိန်ပါ။ ဒီပွဲက ဒီ Bramley Moore Dock ကွင်းမှာ ကွင်းသစ်ဖွင့်ပွဲမတိုင်မီ နောက်ဆုံးကစားတဲ့ ခြေစမ်းပွဲလည်းဖြစ်ပါတယ်။

ပွဲမပြီးခင် ပရိသတ်တွေ ကွင်းပြင်ပကိုထွက်ဖို့ ကြေညာခဲ့ရာမှာ ပရိသတ်အားလုံးက တစ်စုံတရာအငြင်းမပွားဘဲ ကြေညာချက်အတိုင်းလိုက်နာခဲ့ကြပါတယ်။ တကယ်တော့ ဒီလို ပွဲမပြီးခင် ပရိသတ်အားလုံးကို ကွင်းထဲက နှင်ထုတ်မယ်ဆိုတာကို ပရိသတ်တွေက ကြိုတင်သိရှိပြီးသားပါ။
မာဆေးဆိုက်မြစ်ကမ်းနံဘေးမှာတည်ဆောက်ထားတဲ့ ပရိသတ်(၅၂၈၈၈)ဆံ့ကွင်းအနေနဲ့ အရေးပေါ်အခြေအနေမှာ ပရိသတ်တွေဘေးလွတ်ရာကို အချိန်မီထွက်ခွာနိုင်ခြင်းရှိ မရှိ တကယ့်ပရိသတ်တွေနဲ့ တကယ့်ဘောလုံးပွဲတစ်ပွဲကစားပြီး စမ်းသပ်ခဲ့တာဖြစ်ပါတယ်။

ဘယ်အချိန် ဘယ်နှမိနစ်မှာ ကွင်းထဲကထွက်ရမယ်လို့ ကြိုတင်မကြေညာထားဘဲ ပွဲချိန်(၆၅)မိနစ်ရောက်မှ ပရိသတ်တွေကို ရုတ်တရက် နှင်ထုတ်ပြီး ရုံခါခဲ့တာပါ။ ပရိသတ်တွေ ကွင်းပြင်ကို အစုလိုက်အပြုံလိုက်ထွက်ခွာလာရာမှာ ဘာပြဿနာမှ မရှိခဲ့ဘဲ အရာရာအဆင်ပြေချောမွေ့ခဲ့တယ်လို့ အဲဗာတန်အသင်းတာဝန်ရှိသူတစ်ဦးက ဆိုခဲ့ပါတယ်။ ဒါ့အပြင် သောင်းဂဏန်းလောက်ရှိတဲ့ ပရိသတ်အနေနဲ့လည်း ပါဝင်ကူညီပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း သူကဆိုခဲ့ပါတယ်။
ဒီ Bramley Moore Dock ကွင်းသစ်ကို လာမယ့်ရာသီကစပြီး အဲဗာတန်အသင်းရဲ့အိမ်ကွင်းအဖြစ် စတင်အသုံးပြုသွားမှာဖြစ်လို့ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
Discussion