ရီးရဲလ်မက်ဒရစ်အသင်းဟာ နွေရာသီမှာကျင်းပမယ့် ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီမှာ ပြောင်းရွှေ့ကြေးပေါင်(၁)သန်းအောက်ပေးပြီး အင်္ဂလန်ညာနောက်ခံလူ အာနိုးလ်ကို လီဗာပူးလ်အသင်းဆီကနေ ခေါ်ယူနိုင်ဖို့စီစဉ်နေပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်မှာ အာနိုးလ်ကို အသုံးပြုနိုင်ဖို့အထိ ရည်ရွယ်ထားတာပါ။
လီဗာပူးလ်နဲ့ အာနိုးလ်တို့ရဲ့စာချုပ်ဟာ ဇွန်(၃၀)ရက်အထိ သက်တမ်းရှိနေပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီမတိုင်ခင်မှာ သူ့ကိုအမြန်ဆုံးခေါ်ယူနိုင်ဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ အာနိုးလ်ကိုခေါ်ယူဖို့အတွက် လီဗာပူးလ်အသင်းကို ပေါင်(၈၅၀,၀၀၀)ပေးချေသွားဖို့ ဆန္ဒရှိနေတာပါ။ စပိန်သတင်းတွေမှာ လီဗာပူးလ်အသင်းဟာ အာနိုးလ်ကိုပေးချေနေရတဲ့လုပ်ခလစာ သက်သာစေဖို့အတွက် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ကမ်းလှမ်းမှုကို လက်ခံဖို့ရှိနေပါတယ်။
ဖီဖာကလပ်ကမ္ဘာ့လားပြိုင်ပွဲဝင်မယ့် အသင်းတွေအတွက် အပြောင်းအရွှေ့ကာလ(၂)ကြိမ်ဖွင့်ပေးမှာဖြစ်ပြီး ပထမအကြိမ်အနေနဲ့ ဇွန်(၁)ရက်ကနေ (၁၀)ရက်အထိ၊ ဒုတိယအကြိမ်အနေနဲ့ ဇွန်(၂၇)ရက်ကနေ ဇူလိုင်(၃)ရက်အထိပါ။ အဲ့ဒါကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ အာနိုးလ်ကို ဒီပြိုင်ပွဲမတိုင်မီ အသင်းလူစာရင်းထဲ ထည့်သွင်းချင်နေတာဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ အာနိုးလ်နဲ့အတူ ဒီရာသီကုန်မှာစာချုပ်ကုန်ဆုံးမယ့် အသင်းခေါင်းဆောင် ဗန်ဒိုက်နဲ့ တိုက်စစ်ကစားသမား ဆာလာတို့ကို (၂)နှစ်စာချုပ်သက်တမ်းတိုးခဲ့ပေမယ့် အကယ်ဒမီထွက်အာနိုးလ်ကို ထွက်ခွာခွင့်ပေးမှာပါ။ အသက်(၂၆)နှစ်အရွယ်ရှိ အာနိုးလ်ဟာ လီဗာပူးလ်အသင်းအတွက် ပွဲပေါင်း(၃၅၁)ပွဲပါဝင်ကစားထားပြီး (၂၃)ဂိုးသွင်းယူကာ ပရီးမီးယားလိဂ်ဖလား(၂)ကြိမ်၊ချန်ပီယံလိဂ်ဖလား(၁)ကြိမ်အပါအဝင် ဆုဖလားပေါင်း(၈)ခုရယူနိုင်ခဲ့ပါတယ်။
Discussion