ပြိုင်ဘက်ဂိုးသမားနဲ့ ထိခိုက်မိရာကနေ အသက်ပါပေးခဲ့ရတဲ့ ပီရူးကစားသမား

ပီရူးကစားသမားတစ်ဦးဖြစ်သူ ဟယ်လာဂွန်ဇာလက်စ်အယ်လ်တာမီရာနိုဟာ ပြိုင်ဘက်အသင်းရဲ့ဂိုးသမားဖြစ်သူနဲ့ ထိခိုက်မိခဲ့ရာကနေ သတိပြန်မလည်လာတော့ဘဲ အသက်ဆုံးပါးခဲ့ကြောင်း သိရပါတယ်။

အသက်(၂၁)နှစ်အရွယ်သာရှိသေးတဲ့ ဟယ်လာဟာ ရှေ့တန်းကို ကန်တင်ပေးလိုက်တဲ့ဘောလုံးကို ပြေးလွှားရယူဖို့ ကြိုးစားရာကနေ ဒီဘောလုံးကို ဖျက်ထုတ်ဖို့ ရှေ့တက်လာတဲ့ ဂိုးသမားနဲ့ တိုက်မိခဲ့တာပါ။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ပီရူးဖလားပွဲစဉ် ရီးရဲလ်တိုင်တန်အသင်းနဲ့ ကာဂျာမာကာအသင်းရဲ့ပွဲမှာ ဒီဖြစ်ရပ်ဖြစ်ပွားခဲ့တာဖြစ်ပြီး ကွင်းအတွင်းသတိလစ်သွားတဲ့ ဟယ်လာကို ထမ်းစင်နဲ့ ကွင်းပြင်ခေါ်ထုတ်ကာ ဆေးရုံကားခေါ်ပြီး မိုယိုဘမ်ဘာမြို့မှာရှိတဲ့ဆေးရုံတစ်ရုံကို အရေးပေါ်တင်ပို့ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့မှာတော့ အယ်လ်တာမီရာနိုရဲ့အစ်ကိုဖြစ်သူက ဆိုရှယ်မီဒီယာမှာ သူ့ညီအတွက် ဆုတောင်းပေးကြဖို့ ပရိသတ်တွေကို တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ကြာသပတေးနေ့မှာတော့ သူကပဲ သူ့ညီဟာ အသက်လုတိုက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီဖြစ်တယ်လို့ ပရိသတ်တွေထံ ဝမ်းနည်းဖွယ်ရာ အသိပေးခဲ့ပါတယ်။

ပြိုင်ဘက်ဂိုးသမားနဲ့ ထိခိုက်မိစဉ်မှာ ဟယ်လာရဲ့ ခေါင်းမှာရှိတဲ့ ပင်မသွေးလွှတ်ကြောဟာ ပေါက်ထွက်သွားခဲ့တယ်လို့ သူက အသိပေးခဲ့ပါတယ်။

ဒီဖြစ်ရပ်ဖြစ်ပွားချိန်မှာ ဟယ်လာရဲ့ဖခင်ဖြစ်သူဟာ ပွဲကြည့်စင်ပေါ်ကနေ သူ့သား ကစားတဲ့ပွဲကို ကြည့်ရှုအားပေးနေရာကနေ ဖြစ်ရပ်အစအဆုံးကို တွေ့မြင်ခဲ့ရပြီး ဘောလုံးအရည်အသွေးရှိတဲ့သားဖြစ်သူကို ဆုံးရှုံးခဲ့ရခြင်းအတွက် မချိတင်ကဲ ပြောပြခဲ့ပါတယ်။

"ကျွန်တော့်သားဖြစ်သူကို ဆုံးရှုံးရတဲ့ဖြစ်ရပ်မှာ စာနာထောက်ထားကြောင်း ပြသခဲ့သူ၊ အကူအညီပေးခဲ့သူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ ဟယ်လာက ငယ်ငယ်လေးကတည်းက အကောင်းဆုံးဘောလုံးသမားတစ်ဦးဖြစ်ချင်ခဲ့တာပါ။ ပြီးတော့ ဘောလုံးအကြောင်းကိုလည်း အချိန်ရှိသရွေ့ အမြဲတမ်းပြောနေတဲ့သူပါ"လို့ ဒေသခံရုပ်သံတစ်ခုကို ဟယ်လာရဲ့ဖခင်ဟိုဆေးက ပြောပြခဲ့ပါတယ်။

ဟယ်လာရဲ့ဖြစ်ရပ်ဟာ ပီရူးဘောလုံးလောကတစ်ခုလုံးအတွက် ဝမ်းနည်းကြေကွဲစရာဖြစ်ခဲ့ပြီး ဘောလုံးသမားတွေအတွက် ဘောလုံးကစားရာမှာ ဦးခေါင်းထိခိုက်မှုဟာ ဆေးပညာရှင်တွေသတိပေးနေတဲ့အတိုင်း ဘယ်လောက်အထိ အန္တရာယ်ကြီးတယ်ဆိုတာ ဟယ်လာက လက်တွေ့ပြသသလိုလည်း ဖြစ်ခဲ့ပါတယ်။