ရီးရဲလ်မက်ဒရစ်အသင်းဂန္ထဝင် နောက်ခံလူ ရာမို့စ်ဟာ ပြိုင်ဘက်ကစားသမားကို ကန်ခဲ့လို့ မက္ကဆီကိုလိဂ်ကို ပြောင်းရွှေ့ပြီးနောက်ပိုင်း ပထမဆုံးအနီကတ်ပြသခြင်းခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီက မက္ကဆီကိုကလပ် မွန်တာရေးအသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ ရာမို့စ်ဟာ မွန်တာရေးအသင်းအတွက် ကစားထားတဲ့ (၅)ပွဲမှာ (၃)ဂိုးသွင်းပြီး မက္ကဆီကိုလိဂ်မှာ သူ့ရဲ့ကစားသမားဘဝကို ကောင်းမွန်စွာစတင်နေတာပါ။
ဒါပေမယ့် ရာမို့စ်ဟာ မွန်တာရေးအသင်းက ပူးမက်စ်အသင်းကို (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ မက္ကဆီကိုလိဂ်ပွဲစဉ်ရဲ့ပွဲပြီးခါနီးမှာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ရာမို့စ်ဟာ ဒီပွဲစဉ်ရဲ့ပွဲချိန်မိနစ်(၂၀)မှာ ပူးမက်စ်အသင်းကစားသမားတစ်ဦးကို တံတောင်နဲ့ တွတ်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်လူကြီးက မြင်တွေ့ခဲ့ခြင်းမရှိလို့ ကံကောင်းခဲ့တာပါ။ ရာမို့စ်ဟာ မိနစ်(၉၀)ပြည့်ပြီး ထပ်ဆောင်းအချိန်ပိုမှာ ပူးမက်စ်အသင်းကစားသမား ဂူလာမိုကို မလိုအပ်ဘဲ ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့အတွက် မက္ကဆီကိုလိဂ်မှာ သူ့ရဲ့ပထမဆုံးအနီကတ်ပြသခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။
ရာမို့စ်ဟာ ဘောလုံးနဲ့ ထိတွေ့ခဲ့ခြင်းမရှိဘဲ ဂူလာမိုရဲ့ညာဘက်ခြေထောက်ကို ကန်ခဲ့တာပါ။ အဲ့ဒါကြောင့် ကွင်းလယ်ဒိုင်လူကြီးက ရာမို့စ်ကို အနီကတ်ပြသပြီး ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ပူးမက်စ်အသင်းနည်းပြက ရာမို့စ်ဟာ တံတောင်နဲ့တွတ်ခဲ့တဲ့အတွက် ပွဲအချိန်အစောပိုင်းမှာကတည်းက ထုတ်ပယ်ခံရသင့်တယ်လို့ ပွဲအပြီးမီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာ ဆိုခဲ့တာပါ။
ဒီအနီကတ်ဟာ ရာမို့စ်ရဲ့ကစားသမားဘဝတစ်လျှောက်မှာ ပြသခံခဲ့ရတဲ့ အကြိမ်(၃၀)မြောက်အနီကတ်ဖြစ်ပြီး အများစုကို ရီးရဲလ်မက်ဒရစ်အသင်းမှာကစားချိန် ပြသခံခဲ့ရတာဖြစ်ပါတယ်။
Discussion