တူရကီကလပ်ဖီနာဘာချီအသင်းနည်းပြမော်ရင်ဟိုဟာ ဂါလာတာစာရေးအသင်းနဲ့ကစားခဲ့တဲ့ တူရကီဖလားကွာတားဖိုင်နယ်ပွဲမှာ ဂါလာတာစာရေးအသင်းနည်းပြအိုကန်ဘူရက်ရဲ့နှာခေါင်းကို လက်နဲ့ဆွဲညှစ်ခဲ့တဲ့လုပ်ရပ်အတွက် ပွဲကြီးကြပ်ခွင့်(၃)ပွဲပိတ်ပင်တဲ့ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂ ရက်နေ့က ကစားခဲ့တဲ့ ဒီပွဲမှာ ဖီနာဘာချီအသင်းဟာ ဂါလာတာစာရေးအသင်းကို (၁-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး မော်ရင်ဟိုက ပွဲအပြီးမှာ အိုကန်ဘူရက်ရဲ့ နှာခေါင်းကို ဘာမပြောညာမပြောလက်နဲ့ဆွဲညှစ်ခဲ့တာပါ။

သူ့ရဲ့လုပ်ရပ်ကြောင့် အိုကန်ဘူရက်ဟာ ကွင်းမြက်ခင်းပြင်ပေါ်လဲကျခဲ့ပြီး နှာခေါင်းကိုလက်နဲ့အုပ်ကာ လူးလှိမ့်နေခဲ့ရပါတယ်။ ဒေါသမပြေသေးတဲ့မော်ရင်ဟိုကိုလည်း နှစ်ဖက်အသင်းတာဝန်ရှိသူတွေနဲ့ ပွဲတာဝန်ရှိသူတွေက တားဆီးဖျန်ဖြေခဲ့ရပါတယ်။

တူရကီဘောလုံးအဖွဲ့ချုပ်က မော်ရင်ဟိုကို ဒီ(၃)ပွဲပယ်ပြစ်ဒဏ်အပြင် ဒဏ်ငွေ တူရကီလီရာ(၂၉၂၅၀၀) (ပေါင် ၆၀၀၀ ခန့်)လည်း ချမှတ်ခဲ့ပါတယ်။

မော်ရင်ဟိုအနေနဲ့ ဒီပြစ်ဒဏ်ကြောင့် လာမယ့်တူရကီလိဂ်ပွဲစဥ်တွေဖြစ်တဲ့ ထရာဇွန်စပေါ်၊ ဆီဗက်စပေါ်၊ ကေဆီရီစပေါ်အသင်းတွေနဲ့ ကစားရမယ့်ပွဲတွေမှာ ပွဲကြီးကြပ်ခွင့်ရမှာမဟုတ်တဲ့အပြင် အသင်းအဝတ်လဲခန်းထဲကိုဝင်ရောက်ခွင့်လည်း ဆုံးရှုံးမှာဖြစ်ပါတယ်။

0:00
/0:14

မော်ရင်ဟိုဟာ ဒီရာသီအတွင်းမှာ ဂါလာတာစာရေးအသင်းနဲ့ ကစားခဲ့တဲ့တူရကီလိဂ်ပွဲစဥ်မှာလည်း ပြိုင်ဘက်ပရိသတ်တွေကို မျောက်လိုခုန်နေတယ်လို့ ဝေဖန်ခဲ့ပြီး တူရကီဒိုင်တွေရဲ့ အရည်အချင်းကိုဝေဖန်ခဲ့လို့ (၄)ပွဲပယ်(နောက်ပိုင်း ၂ ပွဲသို့လျှော့ချ)ပြစ်ဒဏ်နဲ့ ဒဏ်ငွေ ပေါင် (၃၅၀၀၀)ချမှတ်ခံခဲ့ရပါတယ်။