ပြင်သစ်ကလပ် PSG အသင်းဟာ ဒီနေ့ကစားခဲ့တဲ့ ပြင်သစ်လီဂူးပွဲစဉ်(၂၈) PSG - အန်ဂါးစ်ပွဲမှာ(၁-၀)ဂိုးနဲ့အနိုင်ရခဲ့ပြီး ဒီရာသီ ပြင်သစ်လီဂူးချန်ပီယံအသင်းအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။
PSG အသင်းရဲ့ Parc des Princes ကွင်းမှာ ကစားခဲ့တဲ့ဒီပွဲမှာ ဒီရာသီ ခြေစွမ်းပြနေတဲ့ ပြင်သစ်လူငယ်တောင်ပံကစားသမား ဒူအီ ပွဲချိန်(၅၅)မိနစ်မှာ သွင်းယူခဲ့တဲ့ တစ်လုံးတည်းသောဂိုးနဲ့ PSG အသင်းက ကိုယ့်ကွင်းကိုယ့်ပရိသတ်ရှေ့မှောက်မှာ ဥရောပထိပ်တန်းလိဂ်တွေရဲ့အစောဆုံးချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တာဖြစ်ပါတယ်။

PSG အသင်းဟာ ဒီပွဲအပြီး ဒုတိယနေရာက မိုနာကိုအသင်းကို (ဘရက်စ်-မိုနာကိုပွဲမပြီးခင်) ရမှတ်(၂၄)မှတ်အထိ ဖြတ်ထားနိုင်တာကြောင့် လက်ကျန်ပွဲ(၆)ပွဲ ကစားဖို့ကျန်နေတဲ့အနေအထားမှာ ချန်ပီယံအဖြစ်အောင်ပွဲခံနိုင်ခဲ့တာပါ။
PSG အသင်းအနေနဲ့ ပြင်သစ်အမှတ်ပေးချန်ပီယံဆုကို (၁၃)ကြိမ်မြောက်ဆွတ်ခူးခဲ့တာဖြစ်ပြီး ကာတာတော်ဝင်မိသားစုပိုင်ဆိုင်မှုနောက်ပိုင်း (၂၀၁၁ နောက်ပိုင်း) အမှတ်ပေးချန်ပီယံဆု(၁၁)ကြိမ်အထိရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပြင်သစ်အမှတ်ပေးပြိုင်ပွဲမှာ ၂၀၁၂-၁၃ ရာသီကစပြီး PSG အသင်းက (၁၁)ကြိမ်ဗိုလ်စွဲခဲ့ပြီး ကြားမှာ အခြားအသင်းတွေ ဗိုလ်စွဲတာ(၂)ကြိမ်(မိုနာကို/၂၀၀၈ နဲ့ လိုင်လီ/၂၀၂၁)သာ ရှိခဲ့ပါတယ်။
ဒီရာသီ ပြင်သစ်စူပါဖလားနဲ့ ပြင်သစ်အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ PSG အသင်းအနေနဲ့ ပြင်သစ်ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်နေပြီး၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်တက်ရောက်နေပါတယ်။ ဒါ့အပြင် ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း ယှဉ်ပြိုင်ရမှာကြောင့် ဒီရာသီအတွင်း နောက်ထပ်ဖလား(၃)လုံးထပ်ယူပြီး ဖလား(၅)လုံးချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခြင်းရှိမရှိ ဆက်ကြည့်ရမှာပါ။
Discussion