ပြင်သစ်ကို အနိုင်ယူပြီး UEFA Nations League ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တဲ့ လက်ရှိချန်ပီယံစပိန်
UEFA Nations League Semi-Final
စပိန် (၅-၄) ပြင်သစ်
ဒီနောက်ပိုင်း ဥရောပမှာ ပြိုင်ဆိုင်မှုကြီးမားလာကြတဲ့ စပိန်နဲ့ ပြင်သစ်အသင်းတို့ရဲ့ UEFA Nations League ဆီမီးဖိုင်နယ်ပွဲက တစ်ပွဲလုံးအပြန်အလှန်ဂိုးကန်သွင်းမှုတွေနဲ့ ပရိသတ်တွေမပျင်းရအောင် ဆွဲဆောင်ခဲ့ပါတယ်။
တိုက်စစ်အားသန်တဲ့ကစားသမားကောင်းတွေကို ပိုင်ဆိုင်ထားတဲ့အသင်းတွေပီပီ နှစ်သင်းစလုံးတိုက်စစ်ဖွင့်ကစားခဲ့ကြလို့ ပွဲက ဂိုးကန်သွင်းမှုများစွာ၊ ဂိုးများစွာကို မြင်တွေ့ခဲ့ရတာပါ။
ပွဲချိန်မိနစ်(၆၀)နီးပါးအထိ စပိန်အသင်းက (၄)ဂိုးပြတ်နဲ့ ဦးဆောင်ခဲ့တယ်ဆိုပေမယ့် ပြင်သစ်အသင်းက စပိန်အသင်းရဲ့တစ်ဖက်သတ်ဖိကစားတာကိုခံရပြီး ဂိုးတွေပေးနေရတာမျိုးမဟုတ်ဘဲ အပြန်အလှန်ထိုးဖောက်တိုက်စစ်ဆင်နေတဲ့ကြားက စပိန်ဂိုးသမားရဲ့အူနိုင်းဆိုင်မွန်ရဲ့လက်စွမ်းပြမှု၊ ပြင်သစ်အသင်းရဲ့ဂိုးကံခေမှုတွေကြောင့် ဂိုးရလဒ်က အစောပိုင်းမှာ တစ်ဖက်သတ်ဖြစ်ခဲ့တာပါ။
ဒါတောင် ပထမပိုင်းပြီးခါနီး(၄၃)မိနစ်လောက်မှာ စပိန်နောက်ခံလူဟွိုက်ဆန်သွင်းယူခဲ့တဲ့ဂိုးတစ်ဂိုးကို လူကျွံဘောဆိုပြီး Semi-automated offside technology နဲ့ VAR က ပယ်ချခဲ့လို့ ပြင်သစ်အသင်း တစ်ဂိုးသက်သာခဲ့တာပါ။
စပိန်အတွက်ဂိုးတွေကို နီကိုဝီလီယံစ်က (၂၂)မိနစ်၊ မယ်ရီနိုက (၂၅)မိနစ်မှာ သွင်းယူခဲ့ပြီး ဒုတိယပိုင်း(၅၄)မိနစ်မှာ ယာမားလ်က သူ့ကြောင့်ရတဲ့ပယ်နယ်တီကို သူကိုယ်တိုင်ကန်သွင်းခဲ့ပါတယ်။ နောက်တစ်မိနစ်မှာ ပက်ဒရိုက အနီးကပ်ကန်သွင်းခဲ့ပြီး စပိန်က ပွဲချိန်(၅၅)မိနစ်မှာပဲ (၄-၀)ဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။
ပွဲချိန်(၅၉)မိနစ်မှာ ဘာပေကို ဆွဲချတာကြောင့် စပိန်ပယ်နယ်တီပေးခဲ့ရပြီး ဘာပေကိုယ်တိုင်ပဲ ကန်သွင်းခဲ့ပါတယ်။ စပိန်က တိုက်စစ်ကိုမချဘဲ ဂိုးရဖို့ဆက်ကြိုးပမ်းခဲ့တာကြောင့် (၆၇)မိနစ်မှာ ယာမားလ်သွင်းတဲ့တစ်ဂိုးထပ်ရပြီး (၅-၁)နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
ပွဲချိန်(၇၅)မိနစ်ကျော်မှ စပိန်အသင်းက ခံစစ်ကို နည်းနည်းထိုင်ကစားခဲ့ပြီး ပြင်သစ်ကချေပဂိုးတွေရဖို့ တရစပ်ကြိုးစားလာတာကြောင့် ပွဲချိန်(၇၉)မိနစ်မှာ ချာကီ လှလှပပ ကန်သွင်းတဲ့ဂိုး၊ ပွဲချိန်(၈၄)မိနစ်မှာ စပိန်နောက်ခံလူဗီဗီယန်ရဲ့ Own Goal ၊ ပွဲချိန်(၉၀+၂)မိနစ်မှာ မူအာနီရဲ့ဂိုးတွေရရှိခဲ့ပါတယ်။ ပြင်သစ်အသင်းအနေနဲ့ (၅-၄)ဂိုးအထိ ပြန်လိုက်နိုင်ခဲ့ပေမယ့် အချိန်စေ့သွားခဲ့တာကြောင့် ဆီမီးဖိုင်နယ်အဆင့်နဲ့ ကျေနပ်ခဲ့ရပါတယ်။
စပိန်အသင်းနဲ့ ပေါ်တူဂီအသင်းတို့ ဗိုလ်လုပွဲကစားရမှာဖြစ်ပြီး လာမယ့် ဇွန်(၈)ရက်နေ့မှာ မြူးနစ်မြို့က Allianz Arena ကွင်းမှာ ကစားသွားမှာပါ။ ဒီပွဲမတိုင်မီ စတုဂတ်မြို့မှာ ဂျာမနီနဲ့ ပြင်သစ်က တတိယနေရာလုပွဲကစားရမှာဖြစ်ပါတယ်။
ပေါ်တူဂီအသင်းက UEFA Nations League ပြိုင်ပွဲမှာ ပထမဆုံးချန်ပီယံဖြစ်ဖူးတဲ့အသင်းဖြစ်ပြီး စပိန်အသင်းက လက်ရှိချန်ပီယံအသင်းဖြစ်တာကြောင့် UEFA Nations League ပြိုင်ပွဲမှာ ချန်ပီယံဆု(၂)ကြိမ်ရအသင်း ပထမဆုံးထွက်ပေါ်တော့မှာဖြစ်ပါတယ်။ UEFA Nations League ပြိုင်ပွဲ(၃)ကြိမ်ကျင်းပခဲ့ပြီးဖြစ်ပြီး ၂၀၁၈-၁၉ ပြိုင်ပွဲမှာ ပေါ်တူဂီ၊ ၂၀၂၀-၂၁ ပြိုင်ပွဲမှာ ပြင်သစ်၊ ၂၀၂၂-၂၃ ပြိုင်ပွဲမှာ စပိန်တို့က ဗိုလ်စွဲထားကြတာပါ။